Account: (login)

More Channels


Are you the publisher? Claim this channel

Search in 126,069,113 RSS articles:

Latest Articles in this Channel:

  • 12/10/11--03:45: Googlebot ကို ပိတ်ဆို့ထားမိပါသလား − Did Your Website Block Googlebot? (chan 1077131)
  • Webmaster တစ်ယောက်ဟာ သူ့ရဲ့ website တွေကို Google ရဲ့ Search Engine မှာ ရှာတွေ့စေဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားရလေ့ ရှိပါတယ်။ အဲဒီလို လုပ်တဲ့အခါ မှန်တာတွေရှိသလို မှားတာတွေလည်း ရှိနေတတ်ပါတယ်။ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ကိုယ့်ဆိုက်ရဲ့ Ranking တက်လာနိုင်ပါတယ်။ အလားတူပဲ မမှန်ကန်တဲ့ လုပ်ရပ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်တွေကို အင်တာနက်မှာ ရှာဖွေရ ခက်လာတတ်ပါတယ်။

    အခု ဝေမျှချင်တဲ့ အကြောင်းအရာတွေက Google က Webmaster Trends Analyst ဖြစ်တဲ့ Pierre Far ရေးထားတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။ Webmaster Trends Analyst တစ်ယာက်အနေနဲ့ သူနေ့စဉ်ကြုံတွေ့နေတဲ့ Webmaster တွေရဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို အကြံပြု ဖြေရှင်းပေးထားတဲ့ ဆောင်းပါး ဖြစ်တဲ့အတွက် မြန်မာ Webmaster, Web Developer ညီအကို မောင်နှမများ အတွက်လည်း တစ်နည်းနည်းနဲ့ အထောက်အပံ့ ရမယ်လို့ ယုံကြည်ပါတယ်။

    Googlebot ကို ပိတ်ဆို့ထားခြင်း − Blocking of Googlebot crawling

    Google ရဲ့ Crawler, Googlebot ကို ပိတ်ဆို့ထားမိတာကတော့ အများဆုံး ဖြစ်တတ်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ − Firewall သို့မဟုတ် DoS protection system configuration တွေမှာ အမှားအယွင်းရှိနေတာ၊ တခါတရံမှာ ဝက်ဘ်ဆိုက်အတွက် သုံးထားတဲ့ CMS ရဲ့ setting တွေမှားနေတာကြောင့် ဖြစ်တတ်ပါတယ်။

    ကိုယ့်ဝက်ဘ်ဆိုက်ကို အကာအကွယ်လုပ်ထားတာ ကောင်းတဲ့ အလုပ်ပါ။ Hosting အတော်များများမှာ လုပ်ထားတတ်ပါတယ်။ အဲဒီ အကာအကွယ်စနစ်တွေမှာ ပုံမှန်မဟုတ်တဲ့ Server Request တွေကို တားဆီးပိတ်ဆို့ထားတဲ့ စနစ်တွေ ပါတတ်ပါတယ်။ တခါတရံမှာ Traffic များလာပြီ ဆိုတာနဲ့ အလိုလို ပိတ်ချလိုက်တာတွေ ရှိတတ်ပါတယ်။ တခါတလေမှာ Googlebot တွေက လူသား (Human Users) တွေထက် ပိုပြီး Request တွေ ပိုလုပ်လေ့ ရှိပါတယ်။ အဲဒီလို အချိန်မှာ အကာအကွယ်ပေး စနစ်တွေက Googlebot ကို ပိတ်ချလိုက်တဲ့အတွက် ကိုယ့်ဆိုက်ရဲ့ Content တွေကို Google အနေနဲ့ Crawl လုပ်လို့ မရတော့တဲ့ အနေအထား ဖြစ်သွားတတ်ပါတယ်။ Crawl လုပ်လို့ မရတော့ဘူးဆိုရင် ကိုယ့်ဆိုက်ကို အင်တာနက်မှာ ရှာတွေ့နိုင်တဲ့ ရာခိုင်နှုံး နည်းသွားပါပြီ။

    ဒီပြဿနာကို ဖြေရှင်းချင်တယ် ဆိုရင်တော့ Webmaster Tools ထဲမှာပါတဲ့ Fetch as Googlebot function ကို သုံးပြီး စစ်ဆေးကြည့်နိုင်ပါတယ်။ ပြီးတော့ Webmaster Tools ထဲမှာ ပြထားတဲ့ အခြားသော Crawl Error တွေကိုလည်း စစ်ဆေးသင့်ပါတယ်။

    တကယ်တော့ Googlebot တွေကို စိတ်ကြိုက်ထိန်းချုပ်လို့ရတဲ့ Tool တွေကို Webmaster တွေအတွက် ဖန်တီးပေးထားပြီး ဖြစ်ပါတယ်။ အဲဒီ Tool တွေကို သုံးမယ်ဆိုရင် Googlebot တွေကို မလိုအပ်တဲ့ နေရာတွေ Crawl မလုပ်နိုင်အောင် တားဆီးနိုင်သလို၊ လိုအပ်တဲ့ နေရာတွေမှာ ထိထိရောက်ရောက် Crawl လုပ်နိုင်အောင်လည်း ဖန်တီးနိုင်မှာပါ။

    Googlebot ရဲ့ Crawling ကို ထိန်းချုပ်နိုင်တဲ့ Robots Exclusion protocol အကြောင်းနဲ့ URL တွေကို Configure လုပ်နိုင်တဲ့ Parameter တွေ အကြောင်းကို အောက်ပါ လိပ်စာတွေမှာ လေ့လာနိုင်ပါတယ်။

    ပြီးတော့ ကိုယ့်ဆိုက်ကို လာပြီး Crawl လုပ်နေတဲ့ Robot ဟာ Googlebot အစစ် ဟုတ်မဟုတ် ဆိုတာ စစ်ဆေးပုံစစ်ဆေးနည်း (How to Verify whether a crawler is actually Googlebot) ကိုလည်း လေ့လာထားသင့်ပါတယ်။ တကယ်လို့ ကိုယ့်ဆိုက်ရဲ့ Googlebot crawling rate ကို ပြင်ချင်တယ်ဆိုရင်တော့၊ ကိုယ့်ဆိုက်ကို Webmaster Tools ထဲမှာ Verify လုပ်ပြီး၊ Change Googlebot's crawl rate မှာ ပြင်နိုင်ပါတယ်။

    ဒီထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင် Google ရဲ့ Crawling and indexing FAQ မှာ ဖတ်နိုင်ပါတယ်။

    Ref - Tips for hosting providers and webmasters


  • 12/18/11--03:03: လုပ်ငန်းများ အမြန်ပြီးမြောက်စေမည့် နည်းလမ်းများ (chan 1077131)
  • နေ့စဉ်လုပ်ဆောင်စရာတွေ များလွန်းတဲ့ ကျွန်တော်တို့ဘဝမှာ တကယ်အရေးကြီးတဲ့ အလုပ်တွေနဲ့ အရေးမကြီးတဲ့ အလုပ်တွေ ရောထွေးနေပါတယ်။ တစ်ခါတစ်လေ အရေးမကြီးတာတွေကို အလျင်စလို ပြီးအောင်လုပ်နေရင်းနဲ့ တကယ်အရေးကြီးတဲ့ အလုပ်တွေအတွက် အချိန်မကျန်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    သင်ဟာ ကိုယ့်ဘာသာ အလုပ်လုပ်နေတဲ့ Freelancer တစ်ယောက်ပဲ ဖြစ်ဖြစ်၊ သူများဆီမှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပဲ ဖြစ်ဖြစ်၊ လက်အောက်က အခြားသူတွေကို စီမံအုပ်ချုပ်နေရတဲ့ ပရောဂျက် ခေါင်းဆောင်၊ မန်နေဂျာတစ်ယောက်ပဲ ဖြစ်ဖြစ်၊ နောက်ဆုံး အိမ်အလုပ်တွေကို လုပ်တဲ့အခါမှာပဲ ဖြစ်ဖြစ် အခုသိခဲ့တဲ့ နည်းလမ်းလေးတွေက အထောက်အကူ ရစေပါလိမ့်မယ်။

    1. အစိတ်အပိုင်းများ ပိုင်းခြား အလုပ်လုပ်ပါ။

      လုပ်ငန်းကြီး တစ်ခု လုပ်တော့မယ်ဆိုရင် အစိတ်အပိုင်းလေးတွေ ခွဲထုတ်လိုက်ပြီး အလုပ်လုပ်တာက အလုပ်ကို ပိုပြီး မြန်မြန် ပြီးစေပါလိမ့်မယ်။ ပရောဂျက်တစ်ခုကို ကိုင်တွယ်တဲ့အခါ တစ်ကယ် ကိုင်တွယ် အလုပ်လုပ်လို့ ရတဲ့ အစိတ်အပိုင်းငယ်လေးတွေ အဖြစ် သေးနိုင်သမျှ အသေးစိတ် ပိုင်းထုတ်လိုက်ပါ။ အဲဒါဆိုရင် အချိန်တိုအတွင်းမှာ တကယ် ပြီးအောင် ဖြေရှင်းနိုင်တဲ့ အလုပ်သေးသေးလေးတွေ ရလာပါလိမ့်မယ်။ အဲဒီအခါမှာ ဘယ်အပိုင်းတွေကို ဘယ်အချိန်မှာ ဘယ်လို ပြီးအောင်လုပ်မယ်ဆိုတဲ့ အဆင့်တွေ၊ Milestone တွေကို သတ်မှတ်နိုင်ပါလိမ့်မယ်။

    2. တစ်ကြိမ်မှာ အလုပ် တစ်ခုပဲ လုပ်ပါ။

      လုပ်စရာ အလုပ်တွေ အရမ်းများပြီး ဘယ်အလုပ်မှ မပြီးတဲ့ အဖြစ်မျိုးတွေ ကြုံဖူးမှာပါ။ တကယ်တော့ Multi-Tasking လို့ခေါ်တဲ့ အလုပ်တွေအများကြီးကို ဟိုဟာလုပ်ချင်၊ ဒီဟာလုပ်ချင် ဖြစ်ရာကနေ စတဲ့ ပြဿနာပါ။ အဲဒီလို တစ်ခုကနေ တစ်ခု အမြန်ပြောင်းပြီး လုပ်နေရပြီ ဆိုရင်တော့ ဘယ်အလုပ်မှ ပြီးမှာ မဟုတ်တော့ပါဘူး။

      အဲဒီလို Multi-Task လုပ်နေရတဲ့ အခါမှာ လူတွေရဲ့ I.Q ဟာ ပျမ်းမျှ ၁၀ မှတ်အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အမျိုးသားတွေဟာ Multi-Task လုပ်ရတဲ့ အချိန်မှာ I.Q ပျမ်းမျှ ၁၅ မှတ်အထိ ကျဆင်းသွားပြီး၊ အမျိုးသမီးတွေကတော့ I.Q ပျမ်းမျှ ၅ မှတ်အထိ ကျဆင်းတတ်တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး Multi-Task လုပ်နိုင်တဲ့ သဘောပါပဲ။

      တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက် အလုပ်လုပ် နိုင်မယ်ဆိုရင် အလုပ်တွေ အများကြီးကို အမှန်တကယ် အလျင်အမြန် ပြီးမြောက် စေပါလိမ့်မယ်။

    3. စိတ်အနှောက်အယှက် ဖြစ်စရာတွေကို ကာကွယ်ထားပါ။

      တကယ် အရေးကြီးတဲ့ အလုပ်တွေ လုပ်ရတော့မယ်ဆိုရင် စိတ်အနှောက်အယှက် ဖြစ်စေနိုင်တဲ့ အရာတွေ ဝင်မလာအောင် ကြိုတင် ကာကွယ်ထားပါ။ အခန်းတံခါး ပိတ်ထားပြီး၊ ဖုန်း၊ အီးမေးလ် စတာတွေကို ပိတ်ထားပါ။ တကယ်လို့ အီးမေးလ်ကို မဖြစ်မနေ သုံးဖို့ လိုအပ်တယ်ဆိုရင် Offline လုပ်ထားပါ။ Facebook စတဲ့ လူမှုကွန်ရက်တွေကို မသုံးပါနဲ့။ သိပ်အရေးကြီးလာရင် အင်တာနက်လိုင်း ခဏ ပိတ်ထားပါ။

      တိတ်ဆိတ် ငြိမ်သက်ပြီး စိတ်အနှောက်အယှက် ဖြစ်စရာကင်းတဲ့ ပတ်ဝန်းကျင်ဟာ အရေးကြီးတဲ့ အလုပ်တွေကို ပြီးဆုံးအောင် လုပ်တဲ့အခါမှာ အထောက်အကူ ပြုပါလိမ့်မယ်။

    4. အီးမေးလ်စစ်ဆေးခြင်း

      အရေးကြီးတဲ့ အလုပ်တွေ လုပ်နေတဲ့အခါ အီးမေးလ်ကို အဆက်မပြတ် စစ်နေမိတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီလို စစ်နေတာဟာ သင့်အတွက် မလိုအပ်တဲ့ အတားအဆီးတွေကို ဖြစ်စေပြီး၊ အလုပ်ပြီးမြောက်မှုကို နှောင့်နှေးစေပါလိမ့်မယ်။

      အရေးကြီးတာတွေ လုပ်နေတဲ့အခါ တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိပဲ အီးမေးလ်စစ်တာ အကောင်းဆုံးပါပဲ။

    5. ဖုန်းနဲ့ ဆက်သွယ်ပါ။

      တကယ် အရေးကြီးတဲ့ အလုပ်တွေလုပ်ရတဲ့အခါ၊ အရေးကြီးတဲ့ သူတွေနဲ့ ဆက်သွယ်ပြောဆိုစရာတွေ ရှိလာတဲ့အခါ အီးမေးလ်ကို မသုံးပါနဲ့။

      အကြောင်းအရာတစ်ခုကို အီးမေးလ်နဲ့ ဆက်သွယ်ပြောဆိုရင်း နှစ်ခါထက်မက အပြန်အလှန် မေးလ်ပို့နေရပြီဆိုရင် ဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ် ဆွေးနွေးလိုက်တာက မြန်မြန် အလုပ်ပြီးစေပါလိမ့်မယ်။

    6. ကိုယ့်အချိန်ဇယားနဲ့ကိုယ် အလုပ်လုပ်

      အိပ်ယာက နိုးတဲ့အခါ ကိုယ်လက်သန့်ရှင်း ကျန်းမာရေးလုပ်ပြီး စားစရာရှိတာစားသောက်ပြီး ကိုယ်နဲ့စိတ်ကို လန်းဆန်းအောင် အရင်လုပ်ပါ။ ပြီးမှ တစ်နေ့တာအတွက် လုပ်စရာရှိတဲ့ အစီအစဉ်တွေကို ချမှတ်ပါ။

      အိပ်ယာနိုးတာနဲ့ အီးမေးလ် ကောက်ကြည့်ပြီး အဲဒီအီးမေးလ်တွေထဲမှာပဲ အချိန်ကုန်သွားတာ မဖြစ်ပါစေနဲ့။ အီးမေးလ်တွေ အကုန်ဖတ်လို့ ပြီးကောင်းပြီးသွားပါလိမ့်မယ်။ ဒါပေမယ့် တကယ်လိုအပ်တဲ့ ကိုယ်နဲ့စိတ်နှလုံး လန်းဆန်းမှုကို မနက်စောစောမှာရဖို့က ပိုပြီး အရေးကြီးပါတယ်။

    7. တစ်နာရီခွဲထက် ပိုမလုပ်ပါနဲ့

      ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ကျန်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေထက် ဂလူးကို့စ် ပိုလိုအပ်ပါတယ်။ အထူးသဖြင့် မိနစ် ၆၀ ကနေ မိနစ် ၉၀ နောက်ပိုင်းမှာ ပိုလိုအပ်လာပါတယ်။ (အချိန် သိပ်ကြာတဲ့ အစည်းအဝေးမျိုးတွေ တက်ပြီးတဲ့အခါ သိပ်ပင်ပန်းတယ်လို့ ခံစားရတတ်တာဟာ ဦးနှောက်က ဒီလို အဆက်မပြတ် အလုပ်လုပ်လိုက်ရလို့ ဖြစ်ပါတယ်။)

      အဲဒါကြောင့် အလုပ်လုပ်ချိန် မိနစ် ၆၀ ကနေ ၉၀ လောက် ဖြစ်လာတိုင်း ခဏတာ အနားယူပါ။ လမ်းထလျှောက်ပါ။ အပေါ့အပါးသွားပါ။ ရေသောက်ပါ။ တစ်ခုခု စားပါ။ ခုဏက လုပ်ခဲ့တဲ့ အလုပ်နဲ့ လုံးဝမတူ ခြားနားတဲ့ နောက်အလုပ်တစ်ခုကို လုပ်လိုက်ပါ။ ဒါတွေဟာ သင့်ကို ပြန်လည် လန်းဆန်း အားပြည့်စေပါလိမ့်မယ်။

      Google က လုပ်တဲ့ Developer conference တွေတက်တဲ့ အခါ သတိထားမိတာလေးတစ်ခုက သူတို့ပြောတဲ့ အကြောင်းအရာတွေက မိနစ် ၄၀ ဝန်းကျင်စီပဲ ရှိပြီး၊ ခေါင်းစဉ် ၂ မျိုးပြီးတိုင်း ၅ မိနစ်ကျော်စီ Break လုပ်ပေးတတ်တာ ဖြစ်ပါတယ်။

      အဲဒီလို အနားယူချိန်တွေ ပါလာတဲ့ အတွက် သင့်ရဲ့ စုစုပေါင်း အလုပ်ချိန် ၈ နာရီအပြင်၊ နေ့လည်စာ စားချိန်မပါတဲ့ နောက်ထပ် အပိုသုံးရမယ့် အချိန် တစ်နာရီကနေ တစ်နာရီခွဲအထိကို သင့်ရဲ့ တစ်နေ့တာ အချိန်ဇယားမှာ ထည့်တွက်ဖို့ လိုပါလိမ့်မယ်။

    အခု ဝေမျှထားတဲ့ အကြောင်းအရာတွေကတော့ တိုယိုတာ၊ ဟွန်ဒါနဲ့ ဒစ်စနေ စတဲ့ လုပ်ငန်းကြီးတွေအတွက် Project Management အလုပ်တွေကို တာဝန်ယူနေတဲ့ Tony Wong ကို INC မဂ္ဂဇင်းရဲ့ ဆောင်းပါးရှင် Ilya Pozin က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။ ရိုးစင်းလွယ်ကူပြီး လူတိုင်း အလွယ်ကူ လိုက်နာနိုင်တဲ့ နည်းလမ်းတွေ ဖြစ်လို့ မြန်မာ ညီအကို မောင်နှများအတွက်လည်း အကျိုးရှိအောင် ဆီလျော်သလို ဘာသာပြန် ဝေမျှလိုက်ပါတယ်။

    နောက်ဆုံး အကြံပြုချင်တာ တစ်ခုကတော့ လိုက်လုပ်ဖို့ သိပ်မခက်တဲ့ ဒီနည်းလမ်းလေးတွေကို တစ်နေ့လောက် ဖြစ်ဖြစ် လက်တွေ့ စမ်းသုံးကြည့်ဖို့ပါပဲ။

    ညီအကို မောင်နှမများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်ဝကြပါစေ။

    Ref - 7 Things Highly Productive People Do


  • 01/06/12--22:37: Mobile Phone သုံးလျှင် သတိထားရမည့် လျှပ်စစ် အန္တရာယ်များ (chan 1077131)
  • လက်ကိုင်ဖုန်းလေးတွေကို လူတိုင်း အလွယ်တကူ ဝယ်သုံးလာနိုင်လာတာ အင်မတန် ဝမ်းသာစရာ ကောင်းပါတယ်။ ကိုယ့်မှာ Handset ကောင်းကောင်းတစ်ခုရှိထားပြီး အင်တာနက်လိုင်းလေးလည်း ရှိခဲ့ရင် ဖုန်းပြောတာအပြင်၊ စာဖတ်၊ အင်တာနက်ကြည့်၊ Chatting လုပ်၊ Twitter, Facebook သုံး၊ အီးမေးလ်လက်ခံ၊ ဂိမ်းကစား - စတဲ့ သာမန် ကွန်ပျူတာတစ်လုံးနဲ့ ထိုင်ပြီးလုပ်နေရတဲ့ အလုပ်အားလုံးနီးပါးကို သွားရင်းလာရင်:၊ ရထားစီး ကားစီးရင်း၊ အိပ်ယာထဲ လှဲရင်း၊ နောက်ဆုံး အပေါ့အလေးသွားရင်း ချက်ချင်း လုပ်လို့ ရပါတယ်။ အဲဒီလို အသုံးတွင်ကျယ်လာတဲ့ ဖုန်းတွေဟာ လူတိုင်းအတွက် နေ့စဉ်ဘဝမှာ အရေးပါတဲ့ အသုံးအဆောင်တစ်ခု ဖြစ်လာတာ မဆန်းပါဘူး။

    လက်ကိုင်ဖုန်းလေးတွေကို သုံးဖို့အတွက် မဖြစ်မနေ လိုအပ်တာကတော့ လျှပ်စစ်ဓါတ်အားပါ။ လိုအပ်တဲ့ Battery ပမာဏ မရှိဘဲ သုံးလို့ မရပါဘူး။ Battery ကို အားသွင်းတဲ့အခါ၊ လက်ကိုင်ဖုန်းနဲ့ လျှပ်စစ်ဓါတ်အား တွဲလာတဲ့အခါ သတိထားသင့်တဲ့ အချက်လေးတွေက ဖုန်းသုံးသူတိုင်း သိထားသင့်ပါတယ်။ ဒီအချက်လေးတွေက အသေးအမွှားလေးတွေပါ။ ဒါလေးတွေကို ဂရုစိုက်ပြီး ဖုန်းသုံးတဲ့အခါ သတိထားလိုက်ရင် − လက်ကိုင်ဖုန်း Shock ဖြစ်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ − အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာ တော်တော်များများကို ကြိုတင် ကာကွယ်နိုင်ပါ လိမ့်မယ်။

    • အရည်အသွေး မကောင်းတဲ့၊ ပျက်စီးနေတဲ့၊ မထိတထိဖြစ်ပြီး ချောင်နေတဲ့ − လျှပ်စစ်မီးကြိုးများ၊ မီးခလုပ်များ၊ ပလပ်ပေါက်များ − ကို လုံးဝ မသုံးပါနဲ့။
    • ရေစိုနေတဲ့ လက်တွေနဲ့ လျှပ်စစ်စီးနေတဲ့ ခလုပ်ခုံ (Power Cords) တွေကို မကိုင်ပါနဲ့။ ပြီးတော့ ခလုပ်ခေါင်းကို လက်နဲ့ကိုင်ပြီး ဆွဲဖြစ်တာမျိုး မလုပ်ပါနဲ့။
    • ခလုပ်ခုံ (Power Cords) တွေကို တစ်ခုခုနဲ့ ဖိထားတာ၊ ဝါယာကြိုးတွေကို ကွေးထားတာတွေ မလုပ်ပါနဲ့။ လွတ်လွတ်လပ်လပ် အလွယ်တကူ မြင်လွယ်တဲ့ နေရာမှာ ထားပါ။
    • Mobile phone ကို အားသွင်းနေတဲ့အချိန် (during charging) မှာ − ဖုန်းပြောတာ၊ အင်တာနက်သုံးတာ၊ ရေစိုနေတဲ့ လက်နဲ့ ဖုန်းကို ကိုင်တာ − စတဲ့ ဖုန်းကို အသုံးပြုရတဲ့ အလုပ်တွေကို မလုပ်ပါနဲ့။ ထပေါက်ကွဲတာ၊ ဓါတ်လိုက်တာ၊ မီးလောင်တာတွေ ဖြစ်တတ်ပါတယ်။
    • Charger, Battery စတာတွေကို ပစ်ချတာ၊ အပေါ်ကနေ အလေးအပင် တစ်ခုခုနဲ့ ဖိချတာမျိုး မလုပ်ပါနဲ့။
    • ကိုယ့်မှာ ဖုန်းတွေ အမျိုးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ အဲဒီဖုန်းတွေကို အားသွင်းတဲ့အခါ သက်ဆိုင်တဲ့ ဖုန်းနဲ့အတူ ပါလာတဲ့ အားသွင်းစက် Charger ကိုပဲသုံးပါ။ တခြားဖုန်းက Charger တွေကို မသုံးပါနဲ့။ ဖုန်းထုတ်တဲ့ ကုမ္ပဏီနဲ့ ဖုန်းအမျိုးအစားတွေ မတူတာနဲ့အမျှ ဖုန်းတစ်လုံးစီအတွက် သုံးထားတဲ့ Charger တွေနဲ့ ထွက်တဲ့ ဗို့အားတွေ ခြားနားတတ်ပါတယ်။ အဲဒါကြောင့် ဖုန်းနဲ့ အတူပါတဲ့ Charger ကို သုံးတာ ဘေးကင်းပါတယ်။
    • လျှပ်စီးလက်နေတဲ့အချိန်၊ မိုးကြိုးမုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာ မသုံးပါနဲ့။ ဖုန်းပျက်စီး ချွတ်ယွင်းသွားနိုင်သလို ဓါတ်လိုက်ခံရဖို့ အခြေအနေလည်း များပါတယ်။
    • ဖုန်းမှာ သုံးထားတဲ့ Lithium ion (Li-ion) battery တွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတတ်ပါတယ်။ အဲဒီလို ပျက်စီးသွားတဲ့အခါ၊ အထဲက ဓါတ်ဆားရည်တွေ စိမ့်ထွက်လာနေတဲ့ အခါတွေမှာ ဖုန်းကို ဆက်မသုံးပါနဲ့။ နီးစပ်ရာ Service Center တစ်ခုခု၊ နားလည်တဲ့ သူတစ်ယောက်ယောက်ဆီမှာ ပြသ အကြံဉာဏ်တောင်းသင့်ပါတယ်။
    • ပျက်စီးနေတဲ့ ဘက်ထရီတွေကို မီးလောင်လွယ်တဲ့ နေရာတွေမှာ မထားပါနဲ့။ မီးဖို၊ Microwave မီးဖို စတာတွေနားမှာ မထားပါနဲ့။ ပြီးတော့ ထုတာ၊ ရိုက်တာတွေလည်း မလုပ်ပါနဲ့။ ဒီဓါတ်ခဲတွေက အပူလွန်ကဲလာရင် ပေါက်ကွဲတတ်ပါတယ်။
    • ဖုန်းနဲ့ ဘက်ထရီတွေကို သိပ်အေးလွန်း ပူလွန်းတဲ့ နေရာတွေမှာ မထားပါနဲ့။ အပူလွန်ကဲတဲ့အခါ ဖုန်းထဲမှာ ရှိတဲ့ အစိတ်အပိုင်းတွေကို ပျက်စီးစေတတ်ပါတယ်။ ဘက်ထရီရဲ့ သိုလှောင်စွမ်းအားနဲ့ သက်တမ်းကိုလည်း လျော့ကျစေတတ်ပါတယ်။
    • ဘက်ထရီတွေကို တခြား သတ္တုတွေနဲ့ အတူတူ မထားပါနဲ့။ အတူထားမိရင် ဘက်ထရီရဲ့+ နဲ့ − ခေါင်းတွေ အချင်းချင်းထိပြီး လျှပ်စစ်စီးကူးတာတွေ ဖြစ်တတ်ပါတယ်။ ပျက်စီးသွားတတ်ပါတယ်။
    • အားသွင်းနေချိန်ပဲ ဖြစ်စေ၊ ကျန်တဲ့ အချိန်မှာ ဖြစ်စေ၊ ဖုန်းပြောနေ သုံးနေရင်း ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဖုန်းအရမ်းပူလာတယ်ဆိုရင် ဆက်မသုံးပါနဲ့ ခဏလောက် ပိတ်ထားလိုက်ပါ။ Switch Off the phone totally.

    ဒီအချက်လေးတွေက အသေးအမွှားလေးတွေပါ။ ဒါလေးတွေကို ဂရုစိုက်ပြီး ဖုန်းသုံးတဲ့အခါ သတိထားလိုက်ရင် − လက်ကိုင်ဖုန်း Shock ဖြစ်တာ၊ မီးလောင်တာ၊ ပေါက်ကွဲတာ − အစရှိတဲ့ မလိုလားအပ်တဲ့ ပြဿနာ တော်တော်များများကို ကြိုတင် ကာကွယ်နိုင်ပါ လိမ့်မယ်။

    ညီအကို မောင်နှမများအားလုံး နှစ်သစ်မှာ ဘေးရန်ကင်းရှင်း ပျော်ရွှင်အေးချမ်း ကြပါစေ။


  • 01/24/12--07:12: အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ (chan 1077131)
  • ကျွန်တော်တို့ရဲ့ ဘဝခရီးလမ်းတစ်လျှောက်မှာ တစ်ခုခု လုပ်မယ်ကြံတိုင်း အတားအဆီးတွေ ရှိနေတာ ကြုံဖူးမှာပါ။ အဲဒီ အတားအဆီးတွေကို အုပ်စုခွဲကြည့်ရင် အပြင်ကလာတဲ့ အတားအဆီးနဲ့ အတွင်းကလာတဲ့ (ကိုယ့်ကြောင့် ဖြစ်တဲ့) အတားအဆီးတွေဆိုပြီး နှစ်စု တွေ့ရပါလိမ့်မယ်။

    အရိုးသားဆုံး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်/ဖြေကြည့်ပါ။ "ကိုယ့်ကိုယ်ကို ဘယ်နှစ်ကြိမ်လောက် ပြန်တားဆီး ထားမိပြီလဲ"။ ကိုယ့်ကိုယ်ကို ပြန်တားဆီးထားမိလို့ မလိုအပ်ဘဲ ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေနဲ့ အဖြေတွေကို အခုလို လေ့လာ အသုံးပြု နိုင်ပါတယ်။

    ၁ − ငါမှမသိတာ

    ကျွန်တော်တို့ အများဆုံး သုံးတဲ့ စကားပါ။ အဲဒီအတွက် အကောင်းဆုံး အဖြေကတော့ − Google ကို သုံးပါ။ တနည်းအားဖြင့် အင်တာနက်ထဲက အခမဲ့ရနိုင်တဲ့ အချက်အလက်အတွေ အများကြီးထဲက ကိုယ်လိုချင်တာတွေ ရှာတွေဖို့၊ မသိတာတွေကို သိလာဖို့ Google ကို သုံးပါ။ ဒီခေတ် ဒီအချိန်လောက် သတင်းအချက်အလက်တွေကို အခမဲ့ အလွယ်တကူ ရနိုင်တာမျိုး ဘယ်အချိန်ကမှ မရှိခဲ့ဖူးပါဘူး။

    တစ်ခုခုကို မသိဘူးဆိုရင် "ငါမသိဘူး" လို့ မပြောခင် "Google မှာ ရှာကြည့်ဖို့ မမေ့ပါနဲ့"။ ကိုယ်ဘာကို မသိတာလဲ ဆိုတာ အရင် သိအောင်လုပ်ပါ။ ပြီးရင် အချိန်ပေးပြီး ရှာပါ။ လေ့လာသင်ယူရတာ မကြောက်ပါနဲ့။ ဘဝ ခရီးလမ်းတစ်လျှောက် ရင်ဆိုင်လာရမယ့် စိန်ခေါ်မှု အသစ် အမျိုးမျိုးအတွက် လေ့လာသင်ယူဖို့ကို မကြောက်ပါနဲ့။

    ၂ − လိုအပ်တဲ့ ပညာရပ်တွေ မရဘူး

    တခါတလေ ကိုယ်လိုချင်တာတွေကို လေ့လာဖို့ အင်တာနက်မရတာ၊ အင်တာနက် နှေးနေတာတွေ ရှိပါလိမ့်မယ်။ တကယ်တော့ အင်တာနက်ကို ကိုယ့်လို မသုံးနိုင်တဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီလို အချိန်မှာ စာအုပ်တွေ၊ စာကြည့်တိုက်တွေ၊ စာအုပ်ဆိုင်တွေကနေ ရသလောက် လေ့လာဖို့ ကြိုးစားသင့်ပါတယ်။

    တခါတလေမှာ အပြင်မှာ ဖွင့်တဲ့ သင်တန်းတွေကို တက်သင့်ရင် တက်ရပါလိမ့်မယ်။ သိတဲ့ တတ်တဲ့သူတွေဆီက ပြန်သင်ဖို့ လုပ်ရပါမယ်။ ကိုယ်လုပ်ချင်တာ တစ်ခုကို အောင်မြင်အောင် လုပ်နိုင်ဖို့ လိုအပ်တဲ့ ပညာ အရည်အချင်းတွေကို ဖြည့်ဆည်းဖို့ အရေးကြီးပါတယ်။

    ၃ − ပိုက်ဆံမှ မရှိတာကိုး

    ငွေရေးကြေးရေး ကိစ္စက အတော်မလွယ်တဲ့ အရာပါ။ အခုအချိန်မှာ ကျွန်တော်တို့ လက်ထဲ ပိုက်ဆံ ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဝင်ငွေကို တိုးလာအောင် ရိုးရိုးသားသား၊ သမာအာဇီဝကျကျနဲ့ ရှာလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။

    သင်ဟာ လခစားဝန်ထမ်း တစ်ယောက်ဆိုရင် အလုပ်ချိန် ပြင်ပမှာ ကိုယ်ပိုင် ပရောဂျက်တွေ၊ Freelance project တွေကို ရှာလုပ်ပြီး အပိုဝင်ငွေ ရှာနိုင်ပါတယ်။ Freelance ပရောဂျက် တွေကို ကိုယ်ပိုင်အချိန်တွေမှာ လုပ်တဲ့အတွက် အချိန်ကို အကျိုးရှိအောင် အသုံးချရာ ရောက်တဲ့အပြင်၊ ပညာလည်းတိုး အပိုဝင်ငွေလည်းရတဲ့အတွက် တစ်ချက်ခုတ် အများကြီး ပြတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ သင့်မှာ လုပ်ချင်စိတ်ရှိဖို့ လုပ်နိုင်ဖို့တော့ လိုပါတယ်။

    ရလာတဲ့ ငွေကြေးတွေကို ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ လုပ်ဖို့ စုဆောင်းထားပါ။ ခြိုးခြံ ချွေတာပါ။ မလိုအပ်ဘဲ အပို မသုံးပါနဲ့။ ပိုက်ဆံ ရှာရခက်တယ်ဆိုတာ တကယ်တော့ ရာနှုံးပြည့် မမှန်ပါဘူး။ လူတွေ နေ့တိုင်း နည်းအမျိုးမျိုးနဲ့ သုံးနေတာ နေရာတိုင်းမှာ တွေ့ရပါလိမ့်မယ်။

    ကိုယ့်ကို တစ်ခုခု ခိုင်းမယ့်သူ၊ အလုပ်အပ်မယ့်သူကို ရှာဖို့တော့ လိုပါမယ်။

    ၄ − မစွန့်စားရဲလို့

    ဘဝမှာ စွန့်စားဖို့ အကောင်းဆုံး အချိန်ဟာ တစ်ခုခုကို အမှန်တကယ် ပြင်းပြင်းထန်ထန် လုပ်ချင်ကိုင်ချင်စိတ် ပေါ်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ မစွန့်စားဖြစ်ရင် နောင်မှာ စွန့်စားဖို့ ပိုခက်သွားပါလိမ့်မယ်။

    မစွန့်စားရဲဘူး ဆိုတာဟာ တကယ်တော့ မဖြစ်သေးတာ၊ ကိုယ်မသိသေးတဲ့ အရာတစ်ခုကို ကြိုပြီး ကြောက်နေတာပါ။

    တကယ်လို လူအများစု အတွက် တစ်ကယ် အလုပ်ဖြစ်မယ့် စိတ်ကူးကောင်းကောင်း တစ်ခု ရှိရင် အချိန်ဆွဲမနေသင့်ပါဘူး။ မတွေမဝေ မကြောက်မရွံ့ ချက်ချင်း ထပြီး အကောင်အထည် ဖော်လိုက်ဖို့ သိပ်အရေးကြီးပါတယ်။

    ၅ − သိပ်ခက်တာပဲ

    အရေးကြီးတဲ့ အဖိုးထိုက်တန်တဲ့ အရာ အတော်များများကို ဘယ်သူမှ အလွယ်တကူ ရလေ့ မရှိပါဘူး။

    လူတိုင်း အလွယ်လုပ်လို့ရတဲ့ အရာတစ်ခုအတွက် ဘယ်သူကမှလည်း ပိုက်ဆံများများမပေးပါဘူး။

    ၆ − ကလေးဘဝက လေ့လာသင်ယူနည်း

    ကလေးတွေရဲ့ လေ့လာသင်ယူနည်းက အားလုံး အတူတူပါပဲ။ Trial & Error နည်းလမ်းပါ။ စမ်းကြည့်တယ်၊ မှားတယ်၊ ပြန်လုပ်ကြည့်တယ်။

    ကလေးတွေဟာ သူတို့လုပ်ချင်တာတစ်ခုကို မရမချင်း Trial & Error နည်းလမ်းနဲ့ မဖြစ်မနေ ကြိုးစားတတ်ကြသူတွေပါ။ လမ်းလျှောက်သင်နေတဲ့ ကလေးငယ် တစ်ယောက်ရဲ့ ဘဝမှာ အခြေမခိုင်၊ ယိုင်လဲတဲ့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပါလိမ့်မယ်။ သူတို့ရဲ့ အားမလျော့တမ်း ကြိုးစားမှုကြောင့် နောက်ဆုံးမှာ လမ်းလျှောက်တတ်သွား တာပါပဲ။

    ကလေးတွေမှာ ကျွန်တော်တို့လို အင်တာနက်၊ အီးဘွတ်၊ ဆရာသမား၊ မိတ်ဆွေတွေ မရှိပါဘူး။ သူတို့တွေဟာ သူများတွေ ဘာလုပ်သလဲ လိုက်ကြည့်ပါတယ်။ ပြီးတော့ ကိုယ်တိုင် လိုက်လုပ်ကြည့်တယ်။ မှားတယ်၊ လဲကျတယ်။ ပြန်ထတယ်၊ ပြန်လုပ်ကြည့်တယ်။

    ကလေးဘဝကို ဖြတ်သန်းလာခဲ့တဲ့ ကျွန်တော်တို့မှာ လေ့လာသင်ယူနိုင်စွမ်းတွေ၊ လဲနေရာက ပြန်ထနိုင်စွမ်းတွေ အပြည့် ရှိပြီးသားပါ။ လဲကျမှာ မကြောက်ဖို့ လိုချင်တာကို ရအောင် အစွမ်းကုန် ကြိုးစားကြည့်ဖို့ပဲ အရေးတကြီး လိုအပ်ပါတယ်။

    ၇ − သူများလုပ်ထားပြီးသား

    သူများလုပ်နေလို့ ကိုယ်မလုပ်ရတော့ဘူးလား။ မဆိုင်ပါဘူး။

    သင်လုပ်တာက ရှေ့ကလူတွေထက် ပိုကောင်းနိုင်ပါတယ်။ ရှေ့လူတွေရဲ့ အားနည်းချက်တွေကို လေ့လာသင်ယူ သုံးသပ်ပြီး ကိုယ်က ပိုကောင်းအောင် လုပ်နိုင်ပါသေးတယ်။ အကြံတူရင် နောက်လူက သာစမြဲဖြစ်လို့ သူများလုပ်ထားတာတစ်ခုကို လိုက်လုပ်ရပြီ ဆိုတဲ့အခါ ကိုယ်က ပိုကောင်းအောင် လုပ်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ မမေ့ပါနဲ့။

    ၈ − ဘယ်ကစလုပ်ရမယ်ဆိုတာ မသိ

    ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ဦးနှောက်ကို လျော့မတွက်ပါနဲ့။ သူ့ရဲ့ ပင်ကို သဘာဝကိုက အစီအစဉ် မကျဘဲ အလုပ်လုပ်တတ်အောင် ဖန်တီးထားတာပါ။

    ကိုယ်မသိသေးတာ တစ်ခုကို စပြီး လေ့လာသင်ယူဖို့ စိတ်ဖြစ်လာပြီ ဆိုရင် ရောက်နေတဲ့ နေရာက စပြီး လေ့လာလိုက်ပါ။ လေ့လာရင်းနဲ့ နောက်ပိုင်းမှာ အစ/အလယ်/အဆုံး ပြည့်စုံ နှံ့စပ် လိပ်ပတ်လည်သွားပါလိမ့်မယ်။ ကိုယ်အဆင်ပြေတဲ့ ပုံစံ၊ အဆင်ပြေတဲ့ နည်းလမ်းနဲ့ လေ့လာသင်ယူပါ။ ဒါဟာ သင့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံပါပဲ။ သူများတွေနဲ့ မတူတဲ့ အဲဒီ ကိုယ်ပိုင် အတွေ့အကြုံတွေက တဆင့် သူများတွေနဲ့ မတူတဲ့ ဆန်းသစ်တဲ့ အတွေးအမြင်တွေ ရလာပါလိမ့်မယ်။

    ဆက်ရန်...

    Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။


  • 01/26/12--07:02: အတားအဆီးများကို ဖော်ထုတ်ခြင်း (၂) - သူတို့ကြောင့်လား (chan 1077131)
  • ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ တခါတရံ မလိုအပ်ဘဲ ပတ်ဝန်းကျင်ကို အရမ်းထည့်တွက်နေမိ တတ်ကြပါတယ်။ အဲဒီလိုဆိုရင် ပတ်ဝန်းကျင်ကို လုံးဝ လစ်လျုရှုထား လိုက်ရတော့မလားလို့ မေးစရာ ရှိလာပါတယ်။ တကယ်တော့ ပတ်ဝန်းကျင်ကို နေရာတိုင်း၊ အချိန်တိုင်းမှာ ထည့်တွက်စရာ မလိုပါဘူး။

    ဘယ်လိုအချိန်မှာ ပတ်ဝန်းကျင်က အရေးကြီးပြီး ဘယ်အချိန်တွေမှာ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာ မလိုသလဲဆိုတာ သိထားရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ပိုပြီး တွင်ကျယ်လာပါ လိမ့်မယ်။

    ၉ − ဖောက်သည်တွေက ဘယ်လိုထင်နေမလဲ

    အပြောင်းအလဲဆိုတာ လုပ်တိုင်းကောင်းတာ မဟုတ်ပါဘူး။

    ဒါပေမယ့် လူသားတွေရဲ့ ပင်ကိုယ် စရိုက်ကိုက ရေရှည်မှာ တစ်ခုတည်းကို ငြီးငွေ့တတ်တဲ့ သဘာဝ ရှိပါတယ်။ အဲဒါကြောင့် လုံးဝ အပြောင်းအလဲ မရှိတဲ့၊ ဆန်းသစ် တီထွင်မှု မရှိတဲ့ ထုတ်ကုန်တစ်ခု၊ ဝန်ဆောင်မှု တစ်ခုကိုလည်း လူတွေက ရေရှည် သုံးမှာ မဟုတ်ပါဘူး။

    ကိုယ့်ပစ္စည်း၊ ကိုယ့်ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ ဖောက်သည်တွေနဲ့ အမြဲမပြတ် ထိတွေ့နေဖို့၊ သူတို့ရဲ့ တုန့်ပြန်မှုတွေကို သိသိသာသာ တမျိုး၊ မသိမသား တဖုံ လေ့လာ စူစမ်းနေဖို့ လိုပါတယ်။

    ကမ္ဘာကျော် Apple ကုမ္ပဏီဟာ ကွန်ပျူတာတွေ ထုတ်လုပ်နေရာကနေ MP3 ဖွင့်စက်လေးတွေ စထုတ်တဲ့ အချိန်မှာ သူ့ရဲ့ ရှိရင်းစွဲ ဖောက်သည်တွေ အထင်သေးမှာကို စိုးရိမ်ကြောင့်ကြ မနေခဲ့ပါဘူး။ အဲဒီလို စိုးရိမ်နေတဲ့ အစား၊ လူတွေအတွက် တကယ်အသုံးတည့်တဲ့ လူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ MP3 Player လေးတွေ စထုတ်ခဲ့တာ အခုအချိန်ထိ အရောင်းတွင်ကျယ်နေတုန်းပါ။

    Apple ဟာ MP3 Player တွေကို စထုတ်ခဲ့တဲ့သူ မဟုတ်ပါဘူး။ သူများနောက်က လိုက်ထုတ်တာပါ။ သူအောင်မြင်ရတဲ့ အကြောင်းရင်းက ပတ်ဝန်းကျင်ရဲ့ လိုအပ်ချက်ကို တကယ်သိပြီး အကောင်အထည်ဖော်တဲ့ နေရာမှာ ပတ်ဝန်းကျင်က ဝေဖန်နေမှာကို စိုးရိမ်မနေခဲ့တာကြောင့် ဖြစ်ပါတယ်။

    Computer သမားမို့ သီချင်းဖွင့်စက် မထုတ်ရဘူးဆိုတဲ့ သတ်မှတ်ချက် မရှိပါဘူး။ လူတွေ တကယ်လိုအပ်နေတာ ဘာလဲ ဆိုတာ ဖော်ထုတ်တတ်၊ အသုံးချတတ်ရင် ပိုက်ဆံရှာလို့ ရပါတယ်။

    ၁၀ − လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုထင်နေမလဲ

    တစ်ခုခု စလုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ စကြားရမှာက မလွယ်ဘူး၊ မဖြစ်နိုင်ဘူး၊ ငါက မင်းအတွက် စိုးရိမ်လို့ ပြောတာ၊ စေတနာနဲ့ သတိပေးတာ... စတဲ့ လုပ်ဖော်ကိုင်ဖက်၊ မိတ်ဆွေတွေရဲ့ မှတ်ချက် အမျိုးမျိုးကို ကြားရပါလိမ့်မယ်။

    အရေးကြီးတာက သင်ကိုယ်တိုင်ပါ။ တကယ်ဖြစ်နိုင်တယ်လို့ ယုံကြည်ချက် ခိုင်မာပြတ်သားစွာနဲ့ စပြီး အကောင်အထည်ဖော်တော့မယ် ဆိုရင် ဘေးစကားတွေကို သတိထားပါ။ ပစ်ထားခိုင်းတာ မဟုတ်ပါဘူး။ သူတို့ပြောတဲ့ မလွယ်ရတဲ့ အကြောင်းရင်း၊ မဖြစ်နိုင်ရတဲ့ မကြောင်းရင်း၊ စိုးရိမ်ရတဲ့ အကြောင်းရင်း၊ စေတနာနဲ့ သတိပေးစကားတွေကို ဂရုတစိုက် မှတ်သားထားပါ။ အဲဒီအချက်တွေ ဖြစ်မလာအောင်၊ ဘယ်လို ကြိုတင် ကာကွယ်မလဲဆိုတာကို ထည့်စဉ်းစားပါ။

    မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မှတ်ချက်တွေ၊ သတိပေးစကားတွေကို မကြောက်ပါနဲ့။ လက်ခံ အသုံးချဖို့၊ မလိုအပ်တာတွေကို သတိနဲ့ ဖယ်ရှားဖို့ သတိရှိပါစေ။

    ၁၁ − ဘယ်သူမှ ဝယ်မှာ မဟုတ်

    သင်ရောင်းနေတဲ့ အရာဟာ ဝန်ဆောင်မှုတစ်ခုခု၊ ဒါမှမဟုတ် ထုတ်ကုန် တစ်ခုခု ဖြစ်နေပါလိမ့်မယ်။ လူတွေ တစ်ကယ် လိုအပ်တဲ့အရာကိုသာ ဖန်တီး၊ ​ရောင်းချနိုင်ဖို့ ကြိုးစားပါ။ ရောင်းရပါလိမ့်မယ်။

    ဘာမှ မဟုတ်တဲ့ အလှဖန်တီးထားတဲ့ ကျောက်တုံး ကျောက်ခဲတွေကိုတောင် ရောင်းလို့ရနေတဲ့ ဒီခေတ်ကြီးမှာ သင့်အတွက် စျေးကွက်တစ်နေရာ ရှိနေပြီးသားပါ။

    ၁၂ − ဘယ်သူမှ ဂရုစိုက်မယ် မထင်

    ကိုယ့်ဘက်က လူတွေရဲ့ လိုအပ်ချက်ကို ဂရုစိုက်ရင် လူတွေကလည်း ကိုယ့်ကို (ကိုယ့်ထုတ်ကုန် / ကိုယ့်ဝန်ဆောင်မှု) ဂရုစိုက်လာမိမှာ သေချာပါတယ်။

    တကယ်လို့ သင့်လုပ်ရပ်တွေက မှားနေခဲ့ရင်တော့ လူတွေရဲ့ လစ်လျူရှုခြင်းကို တစ်ကယ် ခံရပါလိမ့်မယ်။

    ပိုက်ဆံရချင်စိတ် တစ်ခုတည်းနဲ့ ပစ္စည်းတစ်ခုကို ထုတ်နေတာလား။ သင့်ကို လူရိုသေ ရှင်ရိုသေဖြစ်အောင်လို့ သူများတွေကောင်းတာကို ကြော်ငြာ ပေးနေတာလား။ နာမည်ကြီးတွေကို ချဉ်းကပ်ပြီး သင့်ပစ္စည်းကို ကူညီကြော်ငြာပေးမယ်လို့ မျှော်လင့်နေသလား။ အဲဒီလိုတွေ လုပ်နေရင်တော့ ဘယ်သူမှ သင့်ကို ဂရုစိုက်မှာ မဟုတ်ပါဘူး။

    အရည်အသွေး အစစ်အမှန်ကို လိမ်လို့ မရပါဘူး။ သင့်လုပ်ရပ်တစ်ခုက ငယ်ချင်ရင်ငယ်နေပါလိမ့်မယ်။ ဒါပေမယ့် စေတနာပါရင် လူတွေက အဲဒီစေတနာကို အသိအမှတ်ပြု၊ သတိထားမိပါလိမ့်မယ်။

    တကိုယ်ကောင်းဆန်တာကို လူတွေ မကြိုက်ပါဘူး။ တကိုယ်ကောင်းဆန်တဲ့သူတွေကိုယ်တိုင်တောင် သူများတွေ တကိုယ်ကောင်းဆန်တာကို မနှစ်သက်ပါဘူး။ တကိုယ်ကောင်း ဆန်တဲ့သူတွေ များလာတဲ့ လူ့အဖွဲ့အစည်းဟာလည်း ဆုတ်ယုတ် ပျက်စီးလာမှာ သေချာပါတယ်။

    အများအတွက် စဉ်းစားပါ။ ရည်မှန်းချက်ကောင်းကောင်း တစ်ခုထားပါ။ သင်နဲ့ ရည်မှန်းချက်တူတဲ့သူတွေ အများကောင်းကျိုးကို လိုလားတဲ့သူတွေက သင့်ကို ဂရုစိုက်လာ ပါလိမ့်မယ်။

    ၁၃ − နောင်တ

    လုံခြုံမှုတိုင်းရဲ့ နောက်မှာ အချုပ်အနှောင်တွေ ရှိနေတာ သတိထားဖို့ လိုပါတယ်။

    ဘဝမှာ လိုအပ်ရင် စွန့်စားဖို့ အဆင်သင့် ပြင်ထားပါ။

    ပုံမှန် ဝင်ငွေရတဲ့ အလုပ်လေးတစ်ခုမှာ လစာနဲ့ ဘဝ လုံခြုံမှု ရှိတယ်ဆိုပြီး သူများခိုင်းတာလေးလုပ်၊ အချိန်တန်ရင် လစာလေး ထုတ်ပြီး နှပ်နေရတာက ရုတ်တရက်ကြည့်ရင် ပျော်စရာပါ။ အချိန်တန်ရင် လစာတိုးရင်း နောက်ဆုံးမှာ တန့်သွားပါလိမ့်မယ်။ သင့်မှာ ဘာမှ ကျန်ခဲ့မှာ မဟုတ်ပါဘူး။

    သင့်မှာ ထူးခြား ဆန်းသစ်တဲ့ စိတ်ကူးကောင်းတွေ ရှိနေပါတယ်။ အဲဒီ စိတ်ကူးတွေကို ကိုယ်တိုင် အကောင်အထည် ဖော်နိုင်အောင် ကြိုးစားကြည့်ပါ။ သူများဦးသွားတာကို ထိုင်ကြည့်မနေပါနဲ့။ ငယ်ရွယ်စဉ်မှာ စွန့်စားဖို့ လုပ်ပါ။ စိတ်ကူးကောင်းတွေကို အမြန် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပါ။ သူများလခစား အလုပ်ထက် ကိုယ်တိုင် စွန့်စားရတဲ့ အလုပ်က ပိုပျော်စရာ ကောင်းပါတယ်။ သေရင်မြေကြီး ရှင်ရင် ရွှေထီးစိတ်နဲ့ လခစား ဘဝက ရုန်းထွက်ဖို့ ကြိုးစားပါ။

    ငယ်ရွယ်နုပျိုစဉ် အချိန်မှာ မစွန့်စားမိလို့ ကြီးမှရတဲ့ နောင်တလောက် ဆိုးတာ ရှိမှာ မဟုတ်ပါဘူး။

    ၁၄ − အမှန်တရားမှာ ပုံသေနည်း မရှိ

    အမှန်တရားဟာ အမှန်တရားပါပဲ။ သူ့မှာ ပုံသေနည်း မရှိပါဘူး။

    သင့်ရဲ့ ထုတ်ကုန်၊ အလုပ်တစ်ခုဟာ အမှန်တရားနဲ့ နီးစပ်ပြီး သဘာဝကျမယ်ဆိုရင် လူတွေက လက်ခံပါလိမ့်မယ်။ လူတွေကို သတင်းပေးတဲ့နေရာမှာ၊ သတင်းအချက် အလက်တွေကို တင်ပြတဲ့ နေရာမှာ မှန်ကန်ပြီး အကျိုးရှိဖို့က အရေးကြီးပါတယ်။

    မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ကိုယ့်မှာ ရှိနေပြီဆိုရင်၊ ဘယ်လိုပုံစံနဲ့ လူတွေသိအောင် လုပ်မလဲဆိုတာက နောက်ထပ် သီးသန့် လုပ်ရမယ့် အလုပ်တစ်ခုပါ။ ပုံစံ အမျိုးမျိုးနဲ့ ထွက်နေတဲ့ ကြော်ငြာ တွေကို ကြည့်ဖူးရင် လူတွေသိအောင် လုပ်တဲ့နေရာမှာ ပုံသေနည်း မရှိဘူးဆိုတာကို နားလည်ပါလိမ့်မယ်။

    အပိုင်း (၁) − အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ

    ဆက်ရန်...

    Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။


  • 01/28/12--22:09: Drupal 7 Theming Tutorials and Resources (chan 1077131)
  • If you are using Drupal for one of your website, if you are a developer or a designer using Drupal for your web projects, this collection of Drupal 7 theming resources is for you. If you are starting to learn Drupal, it is also important to get useful resources. This collection also can help you to get useful information easily.

    1. A peek at Drupal 7 theme system changes - from PINGV
    2. Very helpful article from PINGV about theme in Drupal 7. The comments and responses also very informative.
      http://pingv.com/blog/a-peek-at-drupal-7-theme-system-changes There is an update version of presentation after Drupal 7 is released - http://pingv.com/node/132

      There is also a presentation that can be download if you have slideshare account.http://www.slideshare.net/laurascott/grok-drupal-7-theming-2011-feb-update. There are other helpful resourecs in their blog http://pingv.com/blog. And this is a beautiful, colorful Drupal site too.

    3. How to create a simple Drupal 7 theme from scratch - from A Padded Cell
    4. An article of Drupal 7 theming from scratch by Megan McDermott who is co-founder and editor of A Padded Cell and administrator at The Webmaster Forums. This is a step by step tutorial. That is very easy to follow if you have HTML and CSS knowledge and basic knowledge of Drupal setup, theming and Drupal terminology. http://www.apaddedcell.com/how-create-drupal-7-theme-scratch. There is also a download link for the theme files at the end of the tutorial.

    5. Drupal 7 Template Suggestions - from Drupal.org
    6. Drupal.org, D.O, is the best resource for all the Drupal designers and developers. However it is not easy to get a helpful solution if you don't know where to search.

      In Drupal 7, designers can create various customizations -

    • block templates for module and regions,
    • comment and comment wrapper templates for node types,
    • field templates for content type and field types,
    • forum templates for containers and topics,
    • node templates node ids and node types,
    • page templates for different pages and front page and
    • many other templates as much as we want.

    If you want to customize your templates, there are template suggestions at Drupal.org for easy references at Drupal 7 Template Suggestions. There is also "Drupal 6 Template Suggestions".

    Here is also a helpful detail documentation about "Theming nodes by content type" and "Working with template suggestions". The most helpful (and yes also need to pay more time to learn) is Theming Guide from D.O

    There are so many other Drupal 7 theming tutorials around the web. Just search with Google. If you have some other resources, please drop a link in the comment. The Drupal community always love sharing and will thank you.

    If you are still new in Drupal and thinking Drupal is very hard, read this articles about things those stopped our improvements (in Burmese language) or original article from online Marketing Strategist Tommy Walker entitled 106 Excuses That Prevent You From Ever Becoming Great.


  • 02/05/12--06:12: အတားအဆီးများကို ဖော်ထုတ်ခြင်း (၃) - ဥပဒေကို အသုံးချ (chan 1077131)
  • တကယ်တော့ ကံကောင်းတယ် ဆိုတဲ့သူ မရှိပါဘူး။ အလုပ်ကောင်းကောင်း လုပ်တဲ့သူတွေပဲ ရှိပါတယ်။ ကိုယ့်မှာ ယုံကြည်ချက်တစ်ခု ခိုင်ခိုင်မာမာ ရှိနေပြီးသားဆိုရင် ကိုယ်ယုံကြည်ရာကို တခြားသူတွေ လက်ခံအောင် စည်းရုံးလို့ ရပါပြီ။ တစ်ကြိမ်မှာ တစ်ယောက်ကနေ စပြီး စည်းရုံးပါ။ ဥပဒေဆိုတာ ကြောက်စရာ၊ ရှောင်ပြေးစရာ မဟုတ်ပါဘူး။ အသုံးချစရာပါ။ ဥပဒေဆိုတာ သိသူဖော်စား မသိသူကျော်သွား ပါပဲ။

    ဘဝဟာ တစ်ကယ်တော့ တစ်ခါမှ မလုပ်ဖူးတာတွေနဲ့ ပြည့်နေတာပါ။ အဲဒါကြောင့် မလုပ်ဖူးတာ တစ်ခုခု ကောင်းရာကောင်းကျိုးတစ်ခုကို စပြီးလုပ်ဖို့ ဘယ်တော့မှ နောက်မကျ ပါစေနဲ့။ ကိုယ်မကျွမ်းကျင်ရင် ပိုကျွမ်းကျင်အောင် ကြိုးစားပါ။ ဒါမှမဟုတ် ကျွမ်းကျင်သူကို ရှာပါ။ အသုံးချပါ။ သင့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်တင်တဲ့အခါ ကလေးတွေရဲ့ နည်းဗျုဟာကို ပါးနပ်လိမ်မာစွာ အသုံးပြုဖို့ လိုပါလိမ့်မယ်။

    ၁၅ − လူတွေ သိဖို့ အချိန်မတန်သေးဘူး

    ဒီစကားဟာ သိပ်မှန်ပါတယ်။ လူတိုင်းဟာ ဘယ်အရာကိုပဲ ဖြစ်ဖြစ် သိဖို့၊ လက်ခံဖို့ အမြဲတမ်း အဆင်သင့် မဖြစ်တတ်ကြပါဘူး။ အဆင်သင့် ဖြစ်တဲ့ အချိန်ကို စောင့်နေရင်လည်း နောက်ကျသွားမှာပါ။ တကယ်တော့ ဒါဟာ လူတိုင်း ကြုံနေရတဲ့ ဖြစ်ရပ် တစ်ခုပါ။

    ကိုယ့်မှာ ယုံကြည်ချက်တစ်ခု ခိုင်ခိုင်မာမာ ရှိနေပြီးသားဆိုရင် ကိုယ်ယုံကြည်ရာကို တခြားသူတွေ လက်ခံအောင် စည်းရုံးလို့ ရပါပြီ။ တစ်ကြိမ်မှာ တစ်ယောက်ကနေ စပြီး စည်းရုံးပါ။

    ကိုယ့်ရဲ့ ယုံကြည်မှုဟာ တကယ် စစ်မှန်ပြီး၊ အမှန်တရားနဲ့ ကိုက်ညီဖို့၊ အစမ်းသပ်ခံနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှလည်း လူတွေက ရေရှည်ယုံကြည် လက်ခံပါလိမ့်မယ်။

    အလုပ်ရှာတဲ့နေရာမှာ၊ ဖောက်သည်တွေကို စျေးရောင်းတဲ့ အခါမှာ၊ ကိုယ့်ဝန်ဆောင်မှု၊ ထုတ်ကုန်တစ်ခုကို စျေးကွက်တင် ရောင်းချတဲ့ အခါမှာ ကိုယ့်ကိုယ်ကို၊ ကိုယ့်ထုတ်ကုန်ရဲ့ အရည်အသွေးကို အပြည့်အဝ သိရှိ လက်ခံ ယုံကြည်ထားမှ ဖောက်သည်တွေကို ကိုယ့်ဆီကဝယ်အောင် ဆွဲဆောင်နိုင်မှာပါ။ ရောင်းနေတဲ့သူကိုယ်တိုင်က ရေရေရာရာ မသိတဲ့ ထုတ်ကုန်တစ်ခုကို ရေရှည်မှာ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။

    ၁၆ − ဥပဒေကို သိအောင်လုပ်ပါ။ အသုံးချပါ။

    ဥပဒေဆိုတာ သိအောင်လုပ်ထားရမယ့် အရာတွေပါ။ ဥပဒေကို မသိချင်ယောင် ဆောင်လို့မရသလို အလွဲသုံးစား လုပ်လို့လည်း မရပါဘူး။ တကယ်တော့ ဥပဒေဆိုတာ စည်းကမ်း အကြီးစားတွေပါ။ တစ်ခုစီကို သေသေချာချာ လေ့လာ၊ သိရှိ နားလည်ထားရင် − စီးပွားရေးပဲလုပ်လုပ်၊ လူမှုရေးပဲ လုပ်လုပ် မဖြစ်သင့်တာ မဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

    တစ်ခါတစ်လေမှာ ဥပဒေကို အတိအကျနားလည်ထားတဲ့အတွက် ဘောင်ထဲနေလုပ်တဲ့၊ တနည်းအားဖြင့် ကိုယ့်လို ဥပဒေကို နားမလည်ထားတဲ့ သူတွေ မလုပ်ရဲတဲ့ စွန့်စားမှုတွေကိုလည်း လုပ်နိုင်ပါလိမ့်မယ်။

    ဥပဒေနဲ့ ပတ်သက်လာရင် ကိုယ်ဘာ့ကြောင့် ဒီလိုလုပ်နိုင်ရတယ် ဆိုတဲ့ အကာအကွယ်ကိုလည်း ပြည့်စုံအောင် ပြင်ဆင်လေ့လာ၊ ကြိုတင် ကာကွယ်ထားပါ။

    ဥပဒေဆိုတာ ကြောက်စရာ၊ ရှောင်ပြေးစရာ မဟုတ်ပါဘူး။ အသုံးချစရာပါ။ ဥပဒေဆိုတာ သိသူဖော်စား မသိသူကျော်သွား ပါပဲ။

    ၁၇ − အရင်က တစ်ခါမှ မလုပ်ဘူးလို့။

    "ငါ တစ်ခါမှ မလုပ်ဖူးဘူး" ဆိုတဲ့ စကားဟာ လူအတော်များများရဲ့ လက်သုံးစကား တစ်ခွန်းပါ။

    အဲဒီစကားမှာ နောက်ဆက်တွဲ ရှိပါတယ်။ တစ်ချို့က "အဲဒါကြောင့် အခုလည်း မလုပ်တော့ဘူး" ဆက်ပြောပါလိမ့်မယ်။

    စွန့်စားရတာကို နှစ်သက်သူတွေကတော့ "တစ်ခါလောက်တော့ စမ်းလုပ်ကြည့်လိုက်မယ်" လို့ ပြောပါလိမ့်မယ်။

    တကယ်တော့ ကျွန်တော်တို့ရဲ့ ဘဝမှာ တစ်ခါမှ မလုပ်ဖူးပေမယ့် လုပ်ခဲ့ရတဲ့ ဖြစ်ရပ်တွေ အများကြီး ရှိပါတယ်။ အဲဒီထဲက တချို့ကတော့
    - ကျောင်းစတက်ခြင်း (အရင်က တစ်ခါမှ ကျောင်းမသွားဖူးပါ။)
    - ပထမဆုံး အနမ်း (သင် အရင်က တစ်ခါမှ မနမ်းဖူးပါ။)
    - ကားမောင်း သင်ယူခြင်း။
    - အားကစား အသစ်/ဝါသနာ အသစ်တစ်ခု စတင်ခြင်း။
    - စာဖတ် စသင်ခြင်း။

    အလုပ်တစ်ခုကို တစ်ခါမှ မလုပ်ဖူးသေးရင်တော့ အဲဒါ အသစ်ပါပဲ။ ဒါပေမယ့် တစ်ခုခုကို ရချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ကြောက်နေလို့ မရပါဘူး။ တစ်ခါမှ မလုပ်ဖူးသေးလို့ ဆိုပြီး နောက်တွန့်နေလို့ မရပါဘူး။ ကိုယ်က ဘေးထွက်ထိုင်တာနဲ့ အဆင်သင့် ဝင်ယူသွားမယ့်သူတွေက ပတ်ဝန်းကျင်မှာ အများကြီးပါ။ ဒါ အမှန်တရားပါပဲ။

    တကယ်တော့ ဒီစကားဟာ ဘာမှန်းမသိတာကို တွေးကြောက် (fear of the unknown) ရာကနေ စတာပါ။ တစ်ခါမှ စမလုပ်ဖူးတာ ကြောက်စရာ မဟုတ်ပါဘူး။ တစ်ခါမှ မလုပ်ဖူးဘူး၊ ငါ့မှာ အတွေ့အကြုံ မရှိခဲ့ဘူး လို့ နောင်မှာ ပြောရတာက ပိုဆိုးပါတယ်။

    ကျွန်တော်တို့ရဲ့ ဘဝဟာ တစ်ကယ်တော့ တစ်ခါမှ မလုပ်ဖူးတာတွေနဲ့ ပြည့်နေတာပါ။ အဲဒါကြောင့် မလုပ်ဖူးတာ တစ်ခုခု ကောင်းရာကောင်းကျိုးတစ်ခုကို စပြီးလုပ်ဖို့ ဘယ်တော့မှ နောက်မကျ ပါစေနဲ့။

    ၁၈ − ဒါကိုယ်သိတဲ့၊ နားလည်တဲ့ အပိုင်း မဟုတ်ဘူး

    တကယ်တော့ ကျွန်တော်တို့ နားမလည်တာတွေ အများကြီးပါ။

    မသိ နားမလည်တာတွေ အတွက် ကျွန်တော်တို့ လုပ်နိုင်တဲ့နည်း နှစ်ခု ရှိပါတယ်။ ပထမနည်းကတော့ − မသိတာကို ပိုပြီး သိအောင် လေ့လာတာ ဖြစ်ပါတယ်။ ဒုတိယနည်းကတော့ − တကယ်သိတဲ့သူ၊ တော်တဲ့သူ တစ်ယောက်ကို ရှာပြီး ကိုယ့်အတွက် လိုအပ်တဲ့ နေရာမှာ သုံးဖို့ ဖြစ်ပါတယ်။

    တကယ်တော့ ဘယ်သူမှ တစ်ယောက်ထဲနဲ့ အားလုံး မလုပ်နိုင်ပါဘူး။ အဲဒီလို လုပ်စရာလည်း မလိုအပ်ပါဘူး။ အကောင်းဆုံး ဆိုတဲ့ အစုအစပ် လုပ်ငန်းတွေဟာ တကယ်တော့ အရည်အသွေး မတူတဲ့ လူနှစ်ယောက် အတူတူလက်တွဲ လုပ်ခဲ့ကြရက စဖြစ်တာ များပါတယ်။

    ဒါကြောင့် ကိုယ်မကျွမ်းကျင်ရင် ပိုကျွမ်းကျင်အောင် ကြိုးစားပါ။ ဒါမှမဟုတ် ကျွမ်းကျင်သူကို ရှာပါ။ အသုံးချပါ။

    ၁၉ − ငါ့မှာ စာဖွဲ့ပြောရလောက်စရာ ဘာမှ မရှိလို့ပါကွာ

    တခါတရံမှာ ကိုယ့်မှာ ရှိနေတဲ့ အစွမ်းအစဟာ လူမသိ၊ သူမသိ ဖြစ်နေတတ်တာ၊ ထင်ပေါ်ပေမယ့် စင်တော်က အကောက်မခံရတာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ လောကသဘာဝ ကြီးစိုးနေတဲ့ ပတ်ဝန်းကျင်မှာ ပိုသိသာပါတယ်။ အဲဒီလို အခြေအနေမှာ သင့်ဘက်ကလည်း ကိုယ့်အစွမ်းအစကို ယုံကြည်မှု အပြည့်ရှိခဲ့ရင် အကောင်းဆုံးနည်း တစ်ခုကတော့ အတော်ဆုံးဆိုတဲ့ ပြိုင်ဘက်ကို တရားနည်းလမ်းကျကျ စိန်ခေါ်ဖို့ ပါပဲ။

    လူအများစုက လမ်းမှန်ကန်းမှန်အတိုင်း လျောက်နေတဲ့အခါ အမှားတစ်ခုခု လုပ်လိုက်တဲ့သူတွေ ထင်ပေါ်လာတာ ဒီသဘောပါ။

    နောက်တစ်ခုကတော့ လူတစ်ယောက်ယောက်က အမှားအယွင်းတွေပဲ လျောက်လုပ်ပြနေပြီဆိုရင် အဲဒီနောက်ကွယ်မှာ အကြောင်းတစ်ခုခု ရှိနေပြီဆိုတာ သတိထားဖို့ လိုအပ်ပါတယ်။

    ကလေးတွေ လူပျိုပေါက် အပျိုပေါက်တွေက မိဘနဲ့ ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်တာကို ခံချင်တဲ့အတွက် ပေါက်ကရတွေ ထူးထူးဆန်းဆန်းတွေ လျောက်လုပ်ပြတာ မြင်ဖူး၊ သတိထားဖူးရင် ဒီစာပိုဒ်ရဲ့ ဆိုလိုရင်းကို နားလည်ပါလိမ့်မယ်။

    သင့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ဈေးကွက်တင်တဲ့အခါ အဲဒီကလေးတွေရဲ့ နည်းဗျုဟာကို ပါးနပ်လိမ်မာစွာ အသုံးပြုဖို့ လိုပါလိမ့်မယ်။

    ၂၀ − သူတို့က ပိုကံကောင်းတယ်။

    ကံ = အလုပ် လို့ သင့်အနေနဲ့ ခံယူထားနိုင်တယ် ဆိုရင် သူများတွေက သင့်ထက်ပိုကံကောင်းတယ် ဆိုတာကို လက်ခံမှာ မဟုတ်ပါဘူး။ ငါလည်း သူတို့လို ကံကောင်းအောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုပဲ တွေးမိမှာပါ။ အကြောင်းရင်းကတော့ ကံကောင်းတယ် ဆိုတဲ့လူတွေရဲ့ နောက်ကွယ်မှာ ကျွန်တော်တို့ မမြင်ရတဲ့ အားထုတ်မှုတွေ၊ ကြိုးစားမှုတွေ ရှိနေလို့ ဖြစ်ပါတယ်။

    ကံကောင်းတယ်လို့ အများက ပြောကြတဲ့ သူတွေရဲ့ အားထုတ်မှု၊ ကြိုးစားမှုတွေကို လေ့လာ အတုယူ အသုံးချမယ်ဆိုရင် သင်လည်း တစ်ချိန်မှာ ကံကောင်းသူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။

    နောက်ထပ် သိထားရမယ့် အချက်တစ်ခုကတော့ ကိုယ်လုပ်မှ ကိုယ်ရမယ် ဆိုတာ ဖြစ်ပါတယ်။ တခြားသူ တစ်ဦးရဲ့ ကံကောင်းခြင်းဟာ သင့်အတွက် မဟုတ်ပါဘူး။ ကိုယ်လုပ်မှ ကိုယ်ရတဲ့ သဘာဝကို နားလည် ယုံကြည်လက်ခံထားဖို့ လိုပါတယ်။

    တကယ်တော့ ကံကောင်းတယ် ဆိုတဲ့သူ မရှိပါဘူး။ အလုပ်ကောင်းကောင်း လုပ်တဲ့သူတွေပဲ ရှိပါတယ်။

    အပိုင်း (၁) − အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ
    အပိုင်း (၂) − အတားအဆီးများကို ဖော်ထုတ်ခြင်း (၂) - သူတို့ကြောင့်လား

    ဆက်ရန်...

    Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။

    Tags:


  • 02/09/12--22:49: Detail of Using Text Editor in Drupal 7 (chan 1077131)
  • Keywords: 
    drupal wysiwyg , text editor, tinyMCE,
    Research Detail: 

    ဒီ post က Absolute Beginner များကို ရည်ရွယ်ပါတယ်။ အခုကျွန်တော်ရေးထားတာက အသေးစိတ်နေတော့ တစ်ဆင့်ချင်း လိုက်လုပ်ရမှာ မကြိုက်သူတွေက ဒီမှာ ရေးထားတာလည်းရှိပါတယ်။Drupal 7 မှာ Beginner တော်တော်များများ Text Editor ထည့်ရတဲ့ အခက်အခဲကို ကြုံဖူးမယ်ထင်ပါတယ်။ သုံးလည်းသုံးချင်၊ module သွင်းပြန်တော့လည်းမရ၊ ရပြန်တော့လည်း ပုံတင်မရ၊ ပုံတင်လို့ရပြန်တော့လည်း page ပေါ်မှာ ပုံမပေါ်နဲ့ လုံးလည်ချာလည်လိုက်တဲ့ ပြဿနာတစ်ခုပါ။ ကျွန်တော်လည်း အဲဒီ Text Editor ပြဿနာကြုံဖူးပါတယ်။ ကဲ … စလိုက်ကြစို့။

    ၁။ သွင်းရမည့် Module များ

    •  Wysiwyg
    •  Libraries
    •  Media 
    •  Media Browser Plus
    •  Ctools 

    အဲဒါတွေကိုသွင်းပြီးသွားရင် Check မှာ Enable လုပ်ပေးရပါမယ်။

    ၂။ Enable လုပ်ပေးရမယ့် Module Name များ

    •  Wysiwyg မှာက Wysiwyg ကို Enable လုပ်ပါ 
    •  Libraries မှာက Libraries 
    •  Media မှာက File entity, Media, Media Browser Plus
    •  Chaos Tools Suite မှာက Chaos Tools 

    Module တွေလည်း သွင်းပြီးသွားပြီ၊ လိုအပ်တာတွေလည်း Enable လုပ်ပြီးသွားပြီ။ Editor သုံးလို့ရပြီလားဆိုတော့ မရသေးဘူးဗျ။ Wysiwyg က သူ့ဟာသူ အလုပ်မလုပ်နိုင်ဘူး။ Third Party Editor Libraries တွေနဲ့မှတွဲပြီး အလုပ်လုပ်တာ။ Third Party Editor တွေအများကြီးရှိတဲ့အထဲက ကျွန်တော်ကတော့ TinyMCE ကို သုံးတယ်။

    ၃။ Install TinyMCE

    •  “ ../sites/all/ ” အောက်မှာ libraries ဆိုတဲ့ folder တစ်ခုဆောက်ပါ။
    •  TinyMCE ကို ဒီကနေ download ဆွဲပါ။ 
    •  ပြီးရင် ခုနကဆောက်ထားတဲ့ libraries ဆိုတဲ့ folder အောက်မှာ zip ဖြည်ပြီးထည့်လိုက်ပါ။ ဖြည်လိုက်တဲ့ folder မှာ “tinymce_3.4.8” (version နံပါတ်အပြောင်းအလဲရှိနိုင်ပါသည်) ဆိုပြီးတွေ့ပါမယ်
    •  အဲဒီ folder ထဲမှာ tinymce ကိုတွေ့ပါမယ်။ သူ့ကို cut နဲ့ ဒီ path လမ်းကြောင်းအတိုင်း move လုပ်လိုက်ပါ “../sites/all/libraries/tinymce” ဆိုပြီး ဖြစ်ရပါမယ်
    •  အခုဆိုရင် “tinymce_3.4.8” folder အောက်မှာ ဘာမှမရှိတော့တဲ့အတွက် ဖျက်လိုက်ပါ။

     သွင်းစရာရှိတာတွေကတော့ သွင်းလို့ကုန်ပါပြီ။ သုံးလို့တော့ မရသေးဘူး။ နည်းနည်းပဲ ကျန်ပါတော့တယ်။

    Image and video hosting by TinyPic

    Figure: 1 – Tinymce ထည့်ရမည့် path လမ်းကြောင်း

     

    ၄။ Change Editor

    အခုက လိုအပ်တဲ့ Module တွေရယ် Editor ရယ်ကို သွင်းပဲသွင်းရသေးတယ်။ အဲဒီသွင်းလိုက်တဲ့ TinyMCE ကို သုံးတော့ဟေ့လို့ မပြောရသေးဘူး။ ဘယ်လိုပြောမလဲ။

    • Configuration ကိုသွားပါ
    • Content Authoring အောက်မှာ “Wysiwyg profiles” ကိုနှိပ်ပါ။
    • Input Format | Editor | Operation ဆိုတဲ့ Menu တွေအောက်မှာ Filtered HTML, Full HTML, Plain text ရယ်ကိုတွေ့ပါမယ်
    • Editor အောက်မှာ No Editor ဆိုပြီး Default အတိုင်းဖြစ်နေပါမယ်။ combo box လေးကိုနှိပ်လိုက်ပါ။ 
    • အဲဒီမှာ TinyMCE ကိုရွေးပြီး Save လုပ်လိုက်ပါ။

    အခုဆိုရင် Content ထည့်တဲ့အခါ Editor လေးနဲ့ ထည့်လို့ရပါပြီ။ ဒါပေမယ့် Content ထည့်တဲ့အခါ သာမန် Default အတိုင်းလိုပဲဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒီလိုမဖြစ်အောင် ကိုယ်သုံးချင်တဲ့ buttons တွေ plugins တွေကို သတ်မှတ်ပေးဖို့လိုပါတယ်။
     

    Figure: 2 – TinyMCE Editor ကို ရွေးချယ်ပုံ 

    ၅။ Editor တွင် Buttons များနှင့် Plugins များထည့်သွင်းခြင်း

    • Configuration ကိုသွားပါ
    • Content Authoring အောက်မှာ “Wysiwyg profiles” ကိုနှိပ်ပါ။
    • Editor သုံးမည့် Input Format ဧ။် Operation ကို Edit လုပ်ပါ။
    • "Buttons And Plugins" Accordion တွင် အသုံးပြုလိုသည့် buttons နှင့် plugins များကိုရွေးပါ
    • ပုံများထည့်သွင်းလိုပါက "Media browser" ကို မဖြစ်မနေ check လုပ်ပါ (Media နှင့် Media Browser Plus module များထည့်သွင်းထားသဖြင့်ပေါ်နေခြင်းဖြစ်သည်)

    Figure: 3 – အသုံးပြုမည့် buttons နှင့် plugins များ ရွေးချယ်ခြင်း

    ကဲသုံးလို့လည်းရပြီ ပုံလည်းတင်လို့ရပြီ။ ဒါပေမယ့် Add Content နဲ့ Content တစ်ခုလောက် စမ်းထည့်ကြည့်ပါဦး။ Add Media ဆိုတဲ့ Editor မှာပေါ်နေတဲ့ Button နဲ့ ပုံတစ်ပုံလောက် စမ်းတင်ကြည့်ပါ။  

    Figure: 4 – Add Media Button နှင့် Content တွင် ပုံထည့်ခြင်း

    အပေါ်မှာ ပြသလို Editor ထဲမှာတော့ပေါ်လိမ့်မယ်။ ဒါပေမယ့် publish လုပ်တဲ့အခါ ပုံမပေါ်ဘဲ coding တွေပဲပေါ်နေလိမ့်မယ်။

    Figure: 5 – Page ပေါ်တွင် ပုံမပေါ်ဘဲ code များပေါ်နေခြင်း

     အဲဒီပြဿနာပြီးရင်တော့ Editor က သုံးလို့ရပါပြီ။ နောက်ဆုံးအဆင့် Page ပေါ်မှာ ပုံပေါ်အောင်လုပ်မယ်။

    ၆။ Page ပေါ်တွင် ပုံပေါ်အောင်ပြုလုပ်ခြင်း

    • Configuration ကိုသွားပါ
    • Content Authoring အောက်မှာ "Text Formats" ကိုနှိပ်ပါ။
    • Editor နဲ့သုံးမယ်လို့ သတ်မှတ်ထားတဲ့ Text Format တစ်ခု (ဥပမာ- Filtered HTML) ရဲ့ Operation ကို Configure လုပ်ပါ
    • Enabled filters မှာ "Converts Media tags to Markup" ကို check လုပ်ပေးလိုက်ပါ
    • Save Configuration ကို နှိပ်ပါ။

    Figure: 6 – Page တွင် ပုံပေါ်စေရန် Media Tages များကို Markup ပြောင်းခြင်း

     
    Figure: 7 – Markup ပြောင်းပြီးနောက် Page ပေါ်တွင် ပုံပေါ်လာပုံ

    Content တွေ ထည့်ကြည့်ပါ။ ပုံထည့်ကြည့်ပါ။ အဆင်ပြေသွားပါပြီ။ ကျွန်တော်ကတော့ TinyMCE Editor နဲ့သုံးသွားတာပါ။ တစ်ခြား Editor တွေလည်း အများကြီး ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တစ်ကယ်တမ်း အလုပ်မှာ အသုံးပြုတဲ့ Text Editor က CKEditor ပါ။ ဒါပေမယ့် ဒီ Tutorial ကို ရေးတဲ့အချိန်မှာ drupal version 7.7 နဲ့စမ်းတာ။ CKEditor က error တက်နေတယ် :D ။ ဒါကြောင့် ကျွန်တော်လည်း TinyMCE ပြောင်းသုံးလိုက်တာပါ။ ကျန်တဲ့ drupal 7.0 နဲ့ 7.12 တွေမှာတော့ TinyMCE ကော CKEditor ပါ စမ်းသုံးကြည့်တာရတယ်ခင်ဗျ။ ဒီ Tutorial ဖတ်ပြီး သူငယ်ချင်းတွေကော Editor ပြဿနာ ဘယ်လိုဖြေရှင်းခဲ့လဲဆိုတာ ပြောပေးနိုင်ပါတယ်ခင်ဗျာ။ နောက်ပြီး ဘယ် Editor တွေ ကြိုက်လည်း ဆိုတာလည်း ဆွေးနွေးပေးလို့ရပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။


  • 02/09/12--23:09: ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးက ဘာလဲ (chan 1077131)
  • ပညာရေးဆိုတာ လူ့ဘဝရဲ့ အရေးအကြီးဆုံးအရာတွေထဲက တစ်ခုပါ။ "ပညာရွှေအိုး လူမခိုး" ဆိုတဲ့ စကားပုံလေးလည်း ရှိပါတယ်။ ပညာသာတကယ်ရှိရင် ကျန်တာတွေရှိဖို့ သိပ်မခဲယဉ်းတော့ပါဘူး။ "ပညာ" ရှိမှသာ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်ကို ဝေဖန်ခွဲခြားနိုင်တဲ့ ဉာဏ်ရှိမှာပါ။ အဲဒီလိုဆိုရင် ဘဝမှာအောင်မြင်ဖို့ဆိုရင် ပညာရေးမှာအောင်မြင်ဖို့ကလည်း အရေးကြီးမှာပါပဲ။ အဲဒါဆိုရင် ပညာရေးမှာအောင်မြင်ဖို့ အဓိကအကျဆုံးအရာက ဘာများလဲ။

    ရှေးထုံးလည်း မပယ်နဲ့၊ နှေးဦးဟဲ့ တကယ်ပဲ

    ဒီလိုပြောလိုက်လို့ ရှေးရိုးစွဲအယူအဆတွေအကုန်လုံးကို လွှင့်ပစ်လိုက်ရမယ်လို့ မဆိုလိုပါ။ ကျွန်တော်တို့ရဲ့ဘဝတွေမှာ ရှေးယခင်က သတ်မှတ်ထားတဲ့ အရာတစ်ခုဟာ မှန်တယ်ဆိုတာနဲ့ပဲ ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစား မတွေးခေါ်ဘဲ မှန်လိုက်ရတော့မှာလား။ ကျွန်တော်တို့မှာကော စဉ်းစားပိုင်ခွင့်တွေ မရှိတော့ဘူးလား။ အစဉ်အလာဆိုတဲ့ ဘောင်ကျဉ်းကျဉ်းလေးထဲကနေ ရုန်းထွက်ပြီး မတွေးသင့် မကြံသင့်တော့ဘူးလား။

    တစ်ချို့ရှေးထုံးတွေကတော့ သင်္ချာ၊ သိပ္ပံနဲ့ အင်ဂျင်နီယာ ဘာသာရပ်တွေမှာ မိန်းကလေးတွေက ယောကျာ်းလေးတွေကို မကျော်နိုင်ဘူးဆိုတာမျိုး။ ဖခင်လည်းမရှိ၊ မိခင်ကလည်း ဆေးရုံမှာ သန့်ရှင်းရေးလုပ်၊ အဲဒီလိုမိဘကမွေးတဲ့ သမီးက ကြီးလာရင် အာရုံကြောအထူးကုတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့ အိပ်မက်မျိုးတောင် မရှိလောက်ပါဘူး ဆိုတာမျိုးတွေပါ။ အရိုးစွဲနေတဲ့ တစ်ချို ့ရှေးရိုးစွဲယုံကြည်မှုတွေက ကြောက်စရာ တကယ်ကောင်းပါတယ်။ ဆရာပဲဖြစ်ဖြစ်၊ မိဘပဲဖြစ်ဖြစ် ဒီလိုအရာတွေကို ယုံကြည်နေပါတယ် ဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ ဘာတွေလဲဆိုတော့ "လူနေမှုအဆင့်အတန်းက ဉာဏ်ရည်ထက် အဓိကကျတယ်" ၊ "အောက်ခြေလူတန်းစားရဲ့ သားသမီးက လူလတ်တန်းစား သားသမီးကို ကျော်နိုင်မှာမဟုတ်" ဆိုတာမျိုးပါ။

    သုတေသနနဲ့ ထုချေပြ

    လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက Professor Phil Mead က သြစတြေးလျားမှာ သုတေသနတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီသုတေသနကတော့ သြစတြေးလျားမှာရှိတဲ့ အင်္ဂလိပ်စကားပြောတဲ့ မိဘမဟုတ်တဲ့ အောက်ခြေလူတန်းစားကလေးတွေဟာ သြစတြေးလျားနိုင်ငံဖွား ကလေးတွေထက် ပညာရေးမှာ ပိုမိုထူးချွန်တယ်ဆိုတာပါပဲ။

    နောက်ထပ်သုတေသနတစ်ခုကတော့ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျားမှာရှိတဲ့ အာရှကျောင်းသားတွေဟာလည်း ပညာရေးမှာ စွမ်းဆောင်ရည်မြင့်တယ်ဆိုတာ တွေ့ရပါတယ်။ သူတို့ရဲ့ IQ က အနောက်တိုင်းက ကျောင်းသားတွေထက် ကောင်းနေလို့မဟုတ်ပါဘူး။ ဒါဖြင့်ရင် ဘာကြောင့်လဲ။ အဖြေကတော့ စကားလုံးသုံးလုံးတည်းပါ။ "ရည်မှန်းချက်" ၊ "ယုံကြည်မှု" နဲ့ "ကြိုးစားခြင်း" ပါ။

    ရည်မှန်းချက်က ကြိုးစားအောင် တွန်းအားပေးပါတယ်။ ကြိုးစားတဲ့အတိုင်း အောင်မြင်တဲ့အခါကျတော့ ယုံကြည်မှုကို ဖြစ်စေပါတယ်။ အဲဒါဆိုရင် ကျွန်တော်တို့ မှတ်ထားရမှာက (၁) အောင်မြင်ချင်စိတ် ရှိကိုရှိရပါမယ်၊ (၂) ကိုယ်တကယ် အောင်မြင်နိုင်တယ်ဆိုတာ သိရပါမယ်၊ (၃) သိတဲ့အတိုင်း ကြိုးစားရပါမယ်။ စကားလေးတစ်ခုတောင်ရှိတယ် မဟုတ်ပါလား - "He can who thinks actually he can !" .

    အောင်မြင်မှုကို မရှောင်ချင်ဘူးမို့ ၊ လှုံ့ဆော်ရင်းနှင့် ထုတ်ဖော်ခြင်း

    "ဉာဏ်ကောင်းလို့" ၊ "မိဘတွေက ပညာတတ်မျိုးရိုးတွေဖြစ်လို့" ဆိုတာထက် ပညာရေးမှာ အခရာ အကျဆုံးက လှုံ့ဆော်မှုပါတဲ့။ မအောင်မြင်တဲ့ ကျောင်းသားအများစုရဲ့ အဓိကအကြောင်းရင်းက လှုံ့ဆော်မှု အားနည်းလို့ပါတဲ့။ အဲဒါဆိုရင် ကျွန်တော်တို့ဟာ ပြဿနာ၊ အခက်အခဲတွေ ကြုံလာတဲ့အခါ အဲဒါတွေကို လှုံ့ဆော်မှု၊ တွန်းအားတွေအဖြစ် ပြောင်းလဲပစ်ရပါမယ်။ ဥပမာပြောရရင် "ငါ့မိဘတွေကတော့ ပညာမတတ်ရှာဘူး၊ ဒါကြောင့်ငါကတော့ ပညာတတ်တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်" ဆိုတာမျိုးပါ။

    အပေါ်မှာ တင်ပြခဲ့တဲ့ သြစတြေးလျားက သြစတြေးလျားနိုင်ငံသားမဟုတ်တဲ့ ကျောင်းသားတွေရဲ့ စိတ်ထဲမှာလည်း "ငါတို့က သြစတြေးလျားနိုင်ငံသား ကျောင်းသားတွေထက် သာအောင်လုပ်ရမယ်" ဆိုတဲ့ လှုံ့ဆော်မှုမျိုးက ရှိနေတဲ့အတွက် ပညာရေးမှာ အောင်မြင်မှုရဖို့အတွက် အကျိုးသက်ရောက်နေတာ ဖြစ်ပါတယ်။ အဲဒါဆိုရင်အဓိက အကျဆုံးအချက်က လှုံ့ဆော်မှု ရှိဖို့ပါပဲ။

    မြန်မာတို့ ကမ္ဘာသို့ ပြန်လာဖို့

    ကျွန်တော်တို့ နိုင်ငံလေးဟာ ပိတ်ဆို့မှုပေါင်းများစွာနဲ့ ကမ္ဘာနဲ့ အဆက်ပြတ်နေခဲ့တာ ကြာပါပြီ။ ဒီကာလအတောအတွင်းမှာတော့ ကျွန်တော်တို့ အိပ်မက်တောင်မမက်ဖူးတဲ့ အဖြစ်အပျက်တွေကို မကြုံစဖူး ပျော်ပျော်ရွှင်ရွှင် ကြုံတွေ ့နေရပါတယ်ခင်ဗျာ။ အပေါ်က ဆောင်းပါးလေးအတိုင်းဆိုရင် ကျွန်တော်တို့အတွက် ပညာရေးမှာတိုးတက်ဖို့ လှုံ့ဆော်မှုတွေက အဓိက ကျနေတာကိုး။

    ပညာရေးအဆင့်အတန်းမြင့်မားမှ နိုင်ငံအဆင့်အတန်းမြင့်အောင်လုပ်နိုင်မှာဖြစ်လို့... "တစ်ခြားနိုင်ငံတွေထက် နောက်ကျနေခဲ့တဲ့မြန်မာ" ၊ "အထင်သေးခံခဲ့ရတဲ့ မြန်မာ" ၊ "မလွတ်မလပ်နဲ့ အဖိအနှိပ်ခံခဲ့ရတဲ့မြန်မာ" ၊ "သူတစ်ပါးနိုင်ငံမှာ အလုပ်လုပ်ဖို့အတွက်မနည်း ကြိုးစားနေရတဲ့မြန်မာ "... စတဲ့... စတဲ့ လှုံဆော်မှုတွေကို အကောင်းဆုံး အသုံးချရင်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက် တွေပြည့်လာအောင် ယုံကြည်မှုနဲ့ အားသွန်ခွန်စိုက် ကြိုးစားဖို့ တိုက်တွန်းရင်း...။ ။

    HOW TO SUCCEED IN SCHOOL AND UNIVERSITY A GUIDE FOR PARENTS AND STUDENTS By Michael Petty, PhD ကိုသင့်လျော်သလို ဘာသာပြန်ကာ မိမိခံစားချက်များနှင့် ပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါသည်။


  • 02/17/12--20:40: အတားအဆီးများကို ဖော်ထုတ်ခြင်း (၄) - မိဘတွေနဲ့ တိုင်ပင်ပါ (chan 1077131)
  • ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ ပုံစံတစ်မျိုးတည်း သွားနေလို့ မရပါဘူး။ အလွယ်တကူ ပြောင်းလွယ်၊ ပြင်လွယ်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်အတွက် စိန်ခေါ်မှုတစ်ခုခုကို ရင်ဆိုင်ဖို့ အမြဲတမ်း အသင့်ပြင် ထားရပါမယ်။ လူတိုင်း အလုပ်လုပ်နေတဲ့ ဒီခေတ်မှာ ကျား/မ ခြားနားချက်ဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ကိုယ်လုပ်သင့်တာကို ရဲရဲရင့်ရင့် လုပ်ဖို့က ပိုအရေးကြီးပါတယ်။

    ဘာပဲလုပ်လုပ် ကိုယ့်ဘဝရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေ ဖြစ်တဲ့ ဇနီး၊ ခင်ပွန်း၊ မိဘတွေနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ဆွေးနွေးပြီး သူတို့ရဲ့ အကြံဉာဏ်ကောင်းတွေနဲ့ အတွေ့အကြုံတွေကို နည်းနာယူ အသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။

    ၂၁ − အပြောင်းအလဲ ရှာပါ။

    ခရီးဆုံးတစ်ခုကို ရောက်နိုင်ဖို့ လမ်းတွေ အများကြီး ရှိပါတယ်။ တချို့လမ်းတွေက သူများအတွက် အဆင်ပြေပေမယ့် ကိုယ့်အတွက် အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ​ကိုယ်လုပ်နေတဲ့ စနစ်တစ်ခုကို မယုံကြည်တော့ဘူး ဆိုရင် တခြား ဘာတွေ အပြောင်းအလဲ လုပ်လို့ရမလဲ ရှာဖွေပါ။

    သက်တောင့်သက်သာ ရှိတဲ့ လတ်တလော အဆင်ပြေနေတဲ့ အနေအထား (Comfort Zone) ထဲမှာပဲ ရပ်မနေပါနဲ့။ ကြိုးစားနေတဲ့သူတစ်ယောက် အတွက် နေရာတစ်ခု အမြဲ ရှိပါတယ်။

    လူတွေ၊ ပညာရှင်တွေ အလုပ်တစ်ခုကနေ တစ်ခုကူးပြောင်းတာ၊ ကုမ္ပဏီတွေ ထုတ်ကုန်အသစ်၊ ဝန်ဆောင်မှု အသစ်တွေနဲ့ အမြဲတမ်း တီထွင်ဖန်တီးနေတာ တွေဟာ ဒီသဘောပါပဲ။

    ၂၂ − ယောင်္ကျား/မိန်းမ ပြဿနာ

    ပညာနဲ့ အလုပ်လုပ်တဲ့ ဒီခေတ်ကြီးမှာ ယောင်္ကျားအလုပ်၊ မိန်းမ အလုပ်ရယ်လို့ မကွဲပြားတော့ပါဘူး။ ဒါကြောင့် အမျိုးသမီး C.E.O တွေ အများကြီး အလုပ်လုပ်နေတာ မြင်နိုင်သလို၊ သူနာပြု အဖြစ် အလုပ်လုပ်နေတဲ့ အမျိုးသားတွေကလည်း အများကြီးပါပဲ။

    အမျိုးသားဖြစ်နေလို့ နေ့ကလေးထိန်းကျောင်း မထောင်ရဘူးဆိုတာ မရှိသလို၊ အမျိုးသမီးဖြစ်လို့ ဆောက်လုပ်ရေးလုပ်ငန်း တည်ထောင်ခွင့်မရှိဘူး ဆိုတာလည်း မရှိပါဘူး။

    ကိုယ့်အတွက် အဆင်ပြေတဲ့၊ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ သင့်ရဲ့ လုပ်ချင်ကိုင်ချင်စိတ်က အရေးအကြီးဆုံးပါ။ သင့်ရဲ့ အမျိုးသား၊ အမျိုးသမီးဆိုတဲ့ အခြေအနေက အဓိက မဟုတ်ပါဘူး။

    ၂၃ − ကလေးတွေကြောင့်

    ကလေးတွေရှိလို့ ကလေးကတစ်ဖက်နဲ့ စီးပွားရေးလုပ်ရတာ တကယ့်ကို မလွယ်တဲ့ အလုပ်ပါ။

    မလွယ်တဲ့ အလုပ်ဆိုတာ လုပ်လို့ မရတာ မဟုတ်ပါဘူး။ ဒီလို အနေအထားမှာ ကလေးနဲ့ အလုပ်ကို ချိန်ခွင်လျှာ ညှိပြီး အလုပ်လုပ်သွားနိုင်ဖို့ လိုပါမယ်။ ကိုယ်ပိုင် စည်းကမ်းတွေ ချမှတ်ပြီး ကိုယ့်အတွက် အလုပ်လုပ်လို့ အကောင်းဆုံးအချိန်ကို အသုံးချနိုင်ဖို့ လိုအပ်ပါတယ်။

    လခစား ဝန်ထမ်းတွေအတွက်ကတော့ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကိုယ်ပိုင်အလုပ်လုပ်သူတွေ အဖို့တော့ ကလေးတစ်ဖက်နဲ့ အလုပ်လုပ်ခြင်းက သင့်ကို ပိုတော်တဲ့စီးပွားရေးသမား တစ်ယောက် ဖြစ်မလာစေနိုင်ပေမယ့်၊ မိသားစုနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ပိုပြီး ရရှိစေပါလိမ့်မယ်။

    ၂၄ − အိမ်သူ ဇနီး/ခင်ပွန်းကြောင့်လား

    သင့်မှာ အိမ်ထောင်ရှိမယ်၊ ဇနီး/ခင်ပွန်း ရှိခဲ့မယ် ဆိုရင် အပြန်အလှန် လေးစားသမှု ရှိဖို့ လိုပါလိမ့်မယ်။

    ဇနီး/ခင်ပွန်း နှစ်ယောက်အတွက် ရေရှည်မှာ အဆင်အပြေဆုံး ပေါင်းသင်းဆက်ဆံရေကတော့ ပွင့်လင်းတဲ့ ဆက်ဆံရေးပါ။ သင့်ရဲ့ ယုံကြည်ချက်နဲ့ ခံစားချက်ကို သင့်ဇနီး/ခင်ပွန်းကို အသိပေးဖို့ လိုပါလိမ့်မယ်။ ဘာ့ကြောင့် သင်အခုလို ယုံကြည်ရတယ်ဆိုတဲ့ အကြောင်းရင်း၊ တနည်းအားဖြင့် သင့်ရဲ့ ယုံကြည်မှု၊ ဒီယုံကြည်မှုက သင့်အတွက် ဘာကြောင့် အရေးကြီးတယ် ဆိုတာတွေကို အမှန်တကယ် ဖွင့်ဟ တိုင်ပင်ဖို့ လိုပါလိမ့်မယ်။

    ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေကို ကိုယ့်လက်တွဲဖော်နဲ့ အခါခါ ဆွေးနွေးတိုင်ပင်ပါ။ အချိန်ယူပါ။ အပြန်အလှန် နားလည်အောင် ကြိုးစားပါ။

    ဖြစ်လာနိုင်တဲ့ အဆိုးဝါးဆုံး အခြေအနေအတွက် အတူတကွ လက်တွဲရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့ တိုးတက်မှု အခြေအနေကိုလည်း သူအမြဲသိနေပါစေ။

    တချို့သော မဖြစ်နိုင်တဲ့ စိတ်ကူးတွေကို လက်လွှတ်လိုက်ပါ။ သူ့ဆီက ရလာမယ့် အကြံဉာဏ်ကောင်းတွေကိုလည်း အတူတကွ အကောင်အထည် ဖော်ဖို့ ပြင်ဆင်ထားပါ။

    ဒါပေမယ့် အကြံကောင်းတွေကို အစအဆုံး မြေလှန်ပြီးမှ၊ အလုပ်ဖြစ်မဖြစ် အပြန်အလှန် စဉ်းစားပြီးမှ အကောင်အထည်ဖော်ပါ။

    သင့်ရဲ့ ဇနီး/ခင်ပွန်းကြောင့် လုပ်စရာရှိတာတွေ အထိအခိုက် မခံပါနဲ့။ အပြန်အလှန် ပွင့်လင်း၊ ရိုးသားမှုက အရာရာကို အတူတကွ ရင်ဆိုင်ဖြေရှင်း စေနိုင် ပါလိမ့်မယ်။

    ၂၅ − မိဘတွေက ခွင့်မပြုလို့

    မိဘတွေရဲ့ မျက်လုံးထဲမှာတော့ သားသမီးတွေဟာ အမြဲတမ်း ကလေးလို ဖြစ်နေမှာပါ။ အသက်ငယ်တာ ကြီးတာနဲ့ ဆိုင်မှာ မဟုတ်ပါဘူး။

    တခါတလေမှာ မိဘတွေက သင့်ကို အထောက်အပံ့ကောင်းကောင်း ပေးနိုင်ပါလိမ့်မယ်။ အကြံကောင်းတွေလည်း ရတတ်ပါတယ်။မိဘဆိုတာ သားသမီးကောင်းစားတာ တိုးတက်ကြီးပွားတာကို သိပ်မြင်ချင်၊ တွေ့ချင်သူတွေပါ။ မိဘတွေကြောင့် သင့်ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေ ပျက်စီးသွားရစရာ အကြောင်း မရှိပါဘူး။

    မိဘတွေကို ရိုသေဖို့ ဂါရဝထားဖို့ လိုအပ်ပါတယ်။ သူတို့ကို ကိုယ့်အိပ်မက်တွေ၊ စိတ်ကူးတွေကို ချပြပါ။ ဒါဟာလည်း မိဘကို ရိုသေခြင်း တစ်မျိုးပါပဲ။

    မိဘဆိုတာ ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတည်း ရရှိ ပိုင်ဆိုင်ခွင့်ရတဲ့ လက်ဆောင်ပါ။ ကိုယ်က ကောင်းတဲ့အလုပ် လုပ်မှာဖြစ်တဲ့အတွက် မိဘတွေနဲ့ တိုင်ပင်ပါ။ ခေတ်အခြေအနေနဲ့ ဗဟုသုတ ခြားနားချက်တွေ ရှိကောင်းရှိပါလိမ့်မယ်။ မိဘတွေဆီက ကိုယ့်လုပ်ငန်းကို အောင်မြင်စေချင်တဲ့ ဆုတောင်းမေတ္တာတစ်ခုတော့ အနည်းဆုံး ရပါလိမ့်မယ်။

    မိဘဆိုတာ ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်တစ်ခါတည်း ရရှိ ပိုင်ဆိုင်ခွင့်ရတဲ့ လက်ဆောင်ပါ။ သူတို့ရဲ့ အကြံဉာဏ်ကောင်းတွေနဲ့ ဘဝ အတွေ့အကြုံတွေကို နည်းနာယူ အသုံးချတတ်ဖို့လည်း အရေးကြီးပါတယ်။

    အပိုင်း (၁) − အတားအဆီးများကို ဖော်ထုတ်ခြင်း - ကိုယ်သာတရားခံ
    အပိုင်း (၂) − အတားအဆီးများကို ဖော်ထုတ်ခြင်း (၂) - သူတို့ကြောင့်လား
    အပိုင်း (၃) − အတားအဆီးများကို ဖော်ထုတ်ခြင်း (၃) - ဥပဒေကို အသုံးချ

    ဆက်ရန်...

    Online Marketing Strategist Tommy Walker106 Excuses That Prevent You From Ever Becoming Great − ဆောင်းပါးမှ ဆီလျော်သလို ထုတ်နှုတ် ဘာသာ ပြန်ဆို ရေးသားပါသည်။

    Tags: